
မြန်မာ့ဂုဏ် စက်တင်ဘာ ၁၉
(၅) ကြိမ်မြောက် တရုတ်-အာဆီယံကျန်းမာရေး ဖိုရမ်ဖွင့်ပွဲကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနန်နင်းမြို့ Wuxiang Resort ၌ စက်တင်ဘာ ၁၆ ရက်က ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါတယ်။
ကျန်းမာရေးဖိုရမ်ဖွင့်ပွဲနှင့် မျက်နှာစုံညီအစည်းဝေးကိုကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒုတိယအုပ်ချုပ်ရေးမှူး၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အမျိုးသားကျန်းမာရေးကော်မရှင်နှင့် အာဆီယံနိုင်ငံများမှ ကျန်းမာရေးဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အာဆီယံအတွင်း ရေးမှူးချုပ်၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အတွင်းရေးမှူးချုပ်ရုံးနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ တာဝန်ရှိသူများက အမှာစကားများပြောကြားခဲ့ပါတယ်။
ဖွင့်ပွဲတွင် ပြည်ထောင်စုဝန်ကြီးက ယခုနှစ်ဖိုရမ်၏ ဆောင်ပုဒ်ဖြစ်သည့် Health For Common Development in the Age of Digital Intelligence သည် တရုတ်နှင့်အာဆီယံနိုင်ငံများရှိ ပြည်သူများ၏လူမှုဘဝနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ တစ်ပြေးညီဖွံ့ဖြိုးတိုးတက်စေရန်အတွက် တိုးတက်ပြောင်းလဲလာသော နည်းပညာကဏ္ဍ၏ အရေးပါမှုအား ပိုမိုထင်ဟပ်စေပါကြောင်း၊ ဉာဏ်ရည်တုနည်းပညာ(AI) အသုံးပြု၍ အာဆီယံနိုင်ငံများနှင့် တရုတ်နိုင်ငံတို့အကြား ကျန်းမာရေးသတင်းအချက် အလက်များ ဖလှယ်ခြင်း၊ ပူးပေါင်းဆေးကုသမှု လုပ်ငန်းများဆောင်ရွက်ခြင်း၊ ဝေးလံခက်ခဲသော ဒေသများတွင် နေထိုင်သူများအတွက် အရည်အသွေးပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပိုမိုရရှိနိုင်မည်ဖြစ်ပါကြောင်း၊ (AI) နည်းပညာဖြင့် လူနာမှတ်ပုံတင်ခြင်း၊ ရောဂါရှာဖွေခြင်း၊ ဆေးကုသမှုများ ဆောင်ရွက်ခြင်းနှင့် ဆေးမှတ်တမ်းထိန်းသိမ်းခြင်းများအား ပိုမိုပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းလိုပါကြောင်း၊ အပြန်အလှန် နည်းပညာနှင့် လုပ်ငန်းအတွေ့အကြုံဖလှယ်ခြင်းများ ပိုမိုဆောင်ရွက်စေလိုပါကြောင်း ပြောကြားခဲ့ပါတယ်။