
မြန်မာ့ဂုဏ် စက်တင်ဘာ ၂၃
မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လက်ဝှေ့လေ့ကျင့်ရေးရုံ၌ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဝိတ်တန်းများအလိုက် အင်အားပြည့်ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် ဂျူဒိုနှင့် လက်ဝှေ့အားကစားအဖွဲ့များ အရှိန်အဟုန်မပြတ် ကြိုးစားလေ့ကျင့်ပြင်ဆင်နေမှုကို ကြည့်ရှုအားပေးခဲ့ပါတယ်။
ထို့နောက် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လက်ဝှေ့၊ ဖူဆယ်နှင့် တင်းနစ်လေ့ကျင့်ရေးကွင်းရုံများ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းနှင့် လိုအပ်သည့်ပစ္စည်းများ ဝယ်ယူထားရှိမှုအခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီ စံချိန်စံညွှန်းများနှင့်အညီ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးစေရေးနှင့် ရေရှည်တည်တံ့စေရေး စိစစ်ကြပ်မတ်ဆောင်ရွက်ရန် မှာကြားပါတယ်။
ယင်းနောက် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်းရှိ ဂျူဒိုလေ့ကျင့်ရေးခန်းမ၌ ဂျူဒိုအားကစားသမားများ၏ နည်းစနစ်ပိုင်းဆိုင်ရာလေ့ကျင့်နေမှု၊ အမျိုးသား(Nage-no-kata)နှင့် အမျိုးသမီး (Ju-no-kata) လေ့ကျင့်နေမှုတို့ကို ကြည့်ရှုအားပေးပြီး အားနည်းချက်၊ အားသာချက်များကို ပြန်လည်လေ့လာသုံးသပ်ပြီး အခက်အခဲများကို ရင်ဆိုင်ကျော်ဖြတ်နိုင်သူများဖြစ်အောင် ကြိုပမ်းဆောင်ရွက်သွားရန်၊ မိမိတို့ရရှိထားသည့် စံချိန်စံညွှန်းများ ပိုမိုကောင်းမွန်အောင် နည်းပြဆရာများ၏ သင်ကြားလေ့ကျင့်ပေးမှုအတိုင်း စနစ်တကျလေ့ကျင့်သွားရန်၊ အုပ်ချုပ်သူ၊ နည်းပြများအနေဖြင့် ပြိုင်ပွဲအတွေ့အကြုံများများရရှိစေရန် အကြီးတန်းနှင့်အငယ်တန်းပြိုင်ပွဲများကို လစဉ်ကျင်းပပေးပြီး အားကစားသမားများ၏အခြေအနေများကို လေ့လာသုံးသပ်၍ အားနည်းချက်၊ အားသာချက်များကို ပြန်လည်ပြုပြင် သင်ကြားလေ့ကျင့်ပေးသွားရန် မှာကြားခဲ့ပါတယ်။
#Myanmagon