






မြန်မာ့ဂုဏ် စက်တင်ဘာ ၂၃
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး၊ တာဝန်ရှိသူများသည် စက်တင်ဘာလ(၂၂)ရက်နေ့ နံနက်ပိုင်းက ပြည်မြို့၊ အထွေထွေရောဂါကုဆေးရုံကြီးသို့ သွားရောက်၍ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် (၃၄)ကြိမ်မြောက် လစဉ်အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများ ဆေးကုသပေး နေမှုနှင့် မျက်စိဝေဒနာရှင်များ မျက်စိကျန်းမာရေးစောင့်ရှောက်မှုနှင့် ခွဲစိတ်ကုသပေးမှုတို့အား သွားရောက်ကြည့်ရှုအားပေး ခဲ့ပါတယ်။
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးတို့သည် ပြည်မြို့၊ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးတွင် ကျန်းမာရေးစောင့်ရှောက်မှု လာရောက်ခံယူနေကြသည့် အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးဝန်ထမ်းများက စမ်းသပ်စစ်ဆေးကုသပေးနေမှု၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပရဟိတအဖွဲ့အစည်းများမှ ပူးပေါင်းပါဝင် ကူညီဆောင်ရွက် ပေးနေမှုနှင့် ရေသန့်၊ ကော်ဖီနှင့် အာဟာရမုန့်များ အခမဲ့တိုက်ကျွေးနေမှုများအား လိုက်လံကြည့်ရှု့ခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှု လာရောက်ခံယူကြသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကားပြောကြားခဲ့ပါတယ်။
ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာလုပ်ငန်းနယ်ပယ်အသီးသီးတွင် တာဝန်ထမ်းဆောင်ခဲ့ကြ သည့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အငြိမ်းစားယူပြီးနောက် ကျန်းမာပျော်ရွှင် အသက်ရှည်စွာ နေထိုင်ရေး အတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်စီစဉ်မှု လစဉ် တိုင်းဒေသကြီးအတွင်း မြို့နယ်(၂၈) မြို့နယ်ရှိ ပြည်သူ့ဆေးရုံကြီးများ၌ ကျန်းမာရေးစောင့်ရှောက်မှု စစ်ဆေးပေးခြင်း၊ လူနာတစ်ဦးလျှင် အခမဲ့ဆေးဝါး (၁)လစာ လစဉ်ပေးအပ်ခြင်းနှင့် စားသုံးကုန်များအား သက်သာသောနှုန်းထားဖြင့် ရောင်းချပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပါတယ်။
တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် ပြည်မြို့၊ အထွေထွေရောဂါကုဆေးရုံ ကြီး၌ မျက်စိဝေဒနာရှင်များ မျက်စိကျန်းမာရေးစောင့်ရှောက်မှုနှင့် ခွဲစိတ်ကုသပေးမှုတို့အား သွားရောက်ကြည့်ရှု အားပေးခဲ့ပြီး မျက်စိခွဲစိတ်ကုသမှု ခံယူထားသူ(၂၃၅)ဦးအား ဆေးမျက်မှန်တပ်ဆင်ပေးခြင်း၊ ကြက်ဥ၊ အချိုရည်နှင့် အာဟာရမုန့်များ ပေးအပ်ခဲ့ကာ ကျန်းမာရေးဝန်ထမ်းများအတွက် သီးခြားဂုဏ်ပြုငွေများ ချီးမြှင့်ပေးအပ်ခဲ့ပါတယ်။
#Myanmagon