


မြန်မာ့ဂုဏ် ၊ စက်တင်ဘာ ၂၃
ဒီဇင်ဘာ ၂၈ ရက်မှာစတင်ကျင်းပမယ့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီအသီးသီးနဲ့ တသီးပုဂ္ဂလကိုယ်စားလှယ်လောင်း စုစုပေါင်း ၄၉၆၃ဦး ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) ကို အမည်စာရင်း တင်သွင်းထားတယ်လို့ သိရပါတယ်။
ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တိုင်းဒေသကြီးနှင့်ပြည်နယ်လွှတ်တော်တို့အတွက် ပြည်ထောင်စုတစ်ဝန်းလုံးစည်းရုံးမည့် နိုင်ငံရေးပါတီ(၆)ပါတီ၊ တိုင်း/ပြည်နယ်တစ်ခုအတွင်းစည်းရုံးမည့် နိုင်ငံရေးပါတီ(၅၁)ပါတီနဲ့ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း (၉၅)ဦးအပါအဝင် စုစုပေါင်း ကိုယ်စားလှယ်လောင်း (၄,၉၆၃)ဦး အမည်စာရင်းများကိုတင်သွင်းထားတာဖြစ်ပါတယ်။
အမည်စာရင်းတင်သွင်းမှုမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီသည် ကိုယ်စားလှယ်လောင်း(၁,၀၁၈)ဦးဖြင့်အများဆုံးဖြစ်ကာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ (၆၉၄)ဦး၊ ပြည်သူ့ရှေ့ဆောင်ပါတီမှ (၆၇၂)ဦး၊ မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ (၄၂၈)ဦး၊ ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(ကျားဖြူပါတီ)မှ (၅၈၄)ဦး၊ ပြည်သူ့ပါတီမှ (၅၁၂)ဦး၊ တိုင်း/ပြည်နယ်တစ်ခုအတွင်း စည်းရုံးမည့်နိုင်ငံရေးပါတီ ၅၁ ပါတီမှ (၉၆၀) ဦးတို့ဖြစ်ပါတယ်။
တင်သွင်းထားတဲ့ကိုယ်စားလှယ်လောင်းအမည်စာရင်းတွေကို စက်တင်ဘာ ၂၃ ရက်မှ အောက်တိုဘာ ၄ ရက်အထိ ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းခဲ့ကြသည့် သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲအသီးသီးက စိစစ်ခြင်းလုပ်ငန်းများကိုဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
#MyanmaGon