

မြန်မာ့ဂုဏ်စက်တင်ဘာ ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြစ်အတွင်း၌ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာလ ၁၆ ရက်တွင် လှည့်ကင်းဆောင်ရွက်စဉ် အိုက်စ် (မက်သ်အဖက်တမင်း) ၉၉၇ ကီလို (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၉ ဒသမ ၉၁ ဘီလီယံခန့်) သယ်ဆောင်လာသည့် သမ္ဗန်စက်လှေတစ်စင်းအား ဖမ်းဆီးရမိခဲ့ပြီး စက်လှေဖြင့် သယ်ဆောင်သူများအပါအဝင် အဆိုပါ မူးယစ်ဆေးဝါးများနှင့် ဆက်စပ်သူ ၆ ဦးကိုပါ ဖမ်းဆီးရမိခဲ့ ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရပါတယ်။
ဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရန်ကုန်မြစ်အတွင်း လှည့်ကင်းဆောင်ရွက်စဉ် စက်တင်ဘာ လ ၁၆ ရက် နံနက် ၁ နာရီ ၃၀ မိနစ်တွင် ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြစ်၊ မြစ်သုံးဆိုင်ရေပြင်အနီးသို့အရောက်၌ ခင်မောင်လင်းနှင့် သက်ပိုင်ထူး(ခ) သက်ပိုင်တို့ မောင်းနှင်လာသည့် သမ္ဗန်စက်လှေအား စစ်ဆေးရာ အိုက်စ်(က်သ်အဖက်တမင်း) ၉၉၇ ကီလို (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၉ ဒသမ ၉၁ ဘီလီယံ)နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ဖော်ထုတ်ချက်များအရ ဖမ်းဆီးရမိ အိုက်စ်(မက်သ်အဖက်တမင်း)များအား တင်ဆောင်ပေးသူ ကျော်စိုးမင်းအား စက်တင်ဘာလ ၁၆ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် ဒလမြို့နယ်၊ သမ္မတကမ်းခြေရပ်ကွက်၌လည်းကောင်း၊ သယ် ဆောင်ခိုင်းသူ ကျော်သိန်းဦး(ခ)ကျော်ကြီးအား မွန်းလွဲ ၁ နာရီခန့်တွင် ပုဇွန်တောင်မြို့နယ်နှင့် ဇော်မင်းနိုင်(ခ) ဇော်မင်းလတ်အား ရန်ကင်းမြို့နယ်တို့၌လည်းကောင်း၊ ကွမ်းခြံကုန်းမြို့နယ်၊ ရန်ကုန်မြစ်၊ မြက်စိမ်းကျွန်းသို့ သဲစုပ်စက်လှေဖြင့် ပို့ဆောင်ပေးခဲ့သူ မျိုးနိုင် (ခ)အကြီးကောင်အား စက်တင်ဘာလ ၁၇ရက် မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် ဒဂုံဆိပ်ကမ်းမြို့နယ်၌ စက်လှေ ၁ စင်းနှင့်အတူလည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့ပါတယ်။
အဆိုပါ မူးယစ်ဆေးဝါးများအား ရန်ကုန်မြို့၊ မြက်စိမ်းကျွန်းမှတစ်ဆင့် ပင်လယ်ဝသို့ စက်လှေဖြင့် ဆက်လက်ပို့ဆောင်ခြင်းဖြစ်ကြောင်း သိရှိရပြီး ဖမ်းဆီးရမိသူများအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိကာ ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။
#Myanmagon