
မြန်မာ့ဂုဏ် စက်တင်ဘာ ၂၆
(၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် စာရေးဝန်ထမ်းများ စုစုပေါင်း ၂၆၇ ဦးတို့က ယမန်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)နှင့် တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀)တို့၌ စုပေါင်းသွေးလှူဒါန်းခဲ့ပါတယ်။
ထိုသို့ စုပေါင်းသွေးလှူဒါန်းကြသည့် သွေးလှူရှင်တပ်ဖွဲ့ဝင်နှင့် စာရေးဝန်ထမ်းများကို ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့်ဇနီး၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်ကျော်ကျော်နှင့်ဇနီး၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းနှင့်ဇနီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုးနှင့်ဇနီး၊ ပြည်ထဲရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးခိုင်ထွန်းဦးနှင့် ဇနီး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာန၊ အကျဉ်းဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များနှင့် ၎င်းတို့၏ဇနီးများ၊ ဒုတိယရဲချုပ်များ၊ ရဲအရာရှိကြီးများ၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) မှ ဆေးရုံအုပ်ကြီး ဒေါက်တာသောင်းလှိုင်နှင့် တာဝန်ရှိသူများ၊ ဇေယျာသီရိမြို့နယ်ရှိ တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀) မှ တာဝန်ရှိသူများက ကြည့်ရှုအားပေးကြပြီး အာဟာရဖြည့်စွက်စာများနှင့် အားဆေးများထောက်ပံ့ပေးအပ်ခဲ့ပါတယ်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုးတို့က (၆၁) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နေပြည်တော်ပြည်သူ့ဆေးရုံ ကြီး (ခုတင်-၁၀၀၀) နှင့် တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀) တို့သို့ လှူဒါန်းငွေများ ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပါတယ်။
#Myanmagon