
မြန်မာ့ဂုဏ် စက်တင်ဘာ ၂၈
တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်သည့် (၇၆)နှစ်မြောက်နှစ်ပတ်လည်နှင့် မြန်မာ-တရုတ် သံတမန်ဆက်ဆံရေး(၇၅)နှစ်ပြည့် အထိမ်းအမှတ်ဧည့်ခံပွဲကို စက်တင်ဘာ ၂၆ ရက်ညနေပိုင်းတွင် မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်ရှိ မင်္ဂလာမန္တလေးဟိုတယ်၌ ကျင်းပပြုလုပ်ရာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် တင်မင်းလတ်၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ မန္တလေးမြို့အခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် Ms. Gao Ping နှင့် ကောင်စစ်ဝန်ချုပ်ရုံးမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြပြီး တိုင်းမှူးနှင့်တာဝန်ရှိသူများက ခင်းကျင်းပြသထားသည့် တရုတ်နိုင်ငံ၏ သမိုင်းကြောင်း မှတ်တမ်းဓာတ်ပုံများကို ကြည့်ရှုကြပါတယ်။
ဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ နိုင်ငံတော်သီချင်းနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်သီချင်းတို့ဖြင့် အခမ်းအနားဖွင့်လှစ်၍ တရုတ်နိုင်ငံ၏ ဒေသအတွင်းဖွံ့ဖြိုးတိုးတက်မှု မှတ်တမ်းဗီဒီယိုကိုပြသပြီး မန္တလေးမြို့အခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပါတယ်။
၎င်းနောက် မန္တလေးတိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက ဂုဏ်ပြုစကားပြောကြားပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြကြောင်းသိရပါတယ်။
#Myanmagon