
မြန်မာ့ဂုဏ် အောက်တိုဘာ ၉
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) (၁၀) နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပရေး ဦးစီးကော်မတီ၏ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းတွင် နေပြည် တော် MGallery ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ပါတယ်။
ဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ NCA (၁၀) နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနား ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ NCA (၁၀) နှစ်ပြည့်နှစ်ပတ်လည်နေ့ အခမ်းအနား ကျင်းပရေး ဦးစီးကော်မတီ ဒုတိယဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နှင့် ကော်မတီဝင်များ၊ ဦးစီးကော်မတီအဖွဲ့ဝင် များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ နှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြပါတယ်။
အစည်းအဝေးတွင် ဦးစီးကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က လုပ်ငန်းကော်မတီများ အနေဖြင့် ဆောင်ရွက်ရမည့်လုပ်ငန်းများ အဆင်သင့်ဖြစ်နေပြီဟု မျှော်လင့်ကြောင်း၊ မြေပြင်တွင် အမှန်တကယ်ဆောင်ရွက်မည့် အနေအထားအား အစမ်းလေ့ကျင့်ဆောင်ရွက်ရန်လိုကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်မှ ယဉ်ကျေးမှုအကအဖွဲ့များအနေဖြင့် အစမ်းလေ့ကျင့်ရန် လိုအပ်ကြောင်း၊ ပထမပိုင်းတွင် ဖွင့်ပွဲအခမ်းအနားအား ဆောင်ရွက်ပြီး ဒုတိယပိုင်းတွင် အလုပ်ရုံဆွေးနွေးပွဲအား ဆောင်ရွက်မည်ဖြစ်ကြောင်း၊ သတင်းထုတ်ပြန်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရန် လိုကြောင်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းကော်မတီအနေဖြင့်လည်း အခမ်းအနားကျင်းပသည့်နေရာသို့ အချိန်မီရောက်ရှိနိုင်ရေး မြေပြင်တွင် အချိန်ကိုက်ကြိုတင်လေ့ကျင့် ထားသင့်ကြောင်း၊ ခန်းမတွင်းနေရာ ချထားရေး လုပ်ငန်းကော်မတီအနေဖြင့်လည်း လိုအပ်သည့်ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထား စေလိုကြောင်း ပြောကြားပါတယ်။
ဆက်လက်၍ NCA (၁၀) နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပရေး ဦးစီးကော်မတီအတွင်း ရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်က NCA(၁၀)နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပရေး ဦးစီးကော်မတီအစည်းအဝေးအား သုံးကြိမ်ကျင်းပဆောင်ရွက်ခဲ့ပြီး လုပ်ငန်းကော်မတီများနှင့် ပူးပေါင်းညှိနှိုင်းရေးလုပ်ငန်း ကော်မတီအစည်းအဝေးအား နှစ်ကြိမ်တိုင်တိုင်ပြုလုပ်၍ လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပြီး ဖြစ်ကြောင်း၊ ယနေ့အစည်းအဝေးတွင်လုပ်ငန်း ကော်မတီများမှ လိုအပ်ချက်များမရှိစေရေး အသေးစိတ်တင်ပြဆွေးနွေးပေးစေလိုပြီး လိုအပ်ချက် များအား အပြီးသတ်ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းပေးသွားမည် ဖြစ်ကြောင်းပြောကြား၍ ဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များကကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေးကြပြီး တက်ရောက်လာသူများက လိုအပ်သည်များ အကြံပြုဆွေးနွေးကြပါတယ်။
ထို့နောက် NCA(၁၀)နှစ်ပြည့် နှစ်ပတ် လည်နေ့အခမ်းအနားကျင်းပရေး ဦးစီးကော်မတီဒုတိယဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်းက အခမ်းအနားတက်ရောက်သူများအား အချိန်မီရောက်ရှိရေး ဆောင်ရွက်ပေးစေလိုကြောင်း၊ ပြခန်းတွင်ရှင်းလင်းမည့် ညွှန်ကြားရေးမှူးချုပ်များအနေဖြင့် ထိထိ မိမိ စနစ်တကျရှင်းလင်းနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားစေလိုကြောင်း၊ ပြခန်းတွင် ခင်းကျင်းပြသမည့် ဓာတ်ပုံများအား စနစ်တကျ စိစစ်ခင်းကျင်းပြသရန်လိုကြောင်း၊ အခမ်းအနားမှူးများမှ အစီအစဉ်တကျဖြင့် အချိန်ကိုက်ကြေညာပေးရန်လိုအပ်ကြောင်း၊ အခမ်းအနားကို တိုက်ရိုက်ထုတ်လွှင့် ပြသနေမည်ဖြစ်သည့်အတွက် ဂရုတစိုက်စီစဉ်ဆောင်ရွက် ပေးစေလိုကြောင်း၊ NCA (၁၀) နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားသည် အရေးကြီးသည့် အခမ်းအနားတစ်ခုဖြစ်သည့်အတွက် အလေးထားဆောင်ရွက်ရန်လိုကြောင်း ဖြည့်စွက်ဆွေးနွေးပြီး ဦးစီးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပါတယ်။
#Myanmagon