မြန်မာ့ဂုဏ် အောက်တိုဘာ ၁၂
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးခင်မောင်ရီသည် ယမန်နေ့နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး မင်းဘူးမြို့ မန်းရေနံမြေလုပ်သား အပန်းဖြေရိပ်သာတွင် မန်းရေနံမြေမှ ဝန်ထမ်းများ၊ ဒေသခံများ၊ ရပ်မိရပ်ဖများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံပါတယ်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက သစ်တောသစ်ပင်များသည် လူသားများအတွက် စားရေရိက္ခာ ဖူလုံရေး၊ ရာသီဥတုမျှတကောင်းမွန်ရေးနှင့် အပန်းဖြေနားနေရာအဖြစ်သာမက ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းကာကွယ်ရေးနှင့် ဂေဟစနစ်မျှတရေးအတွက်လည်း မရှိမဖြစ် အရေးကြီးပါကြောင်း၊ မင်းဘူးခရိုင်အတွင်း ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၅ ခုနှစ်အတွင်း သစ်တောဖုံးလွှမ်းမှု ၁ ဒသမ ၁၉ ရာခိုင်နှုန်း တိုးတက်လာသည်ကို တွေ့ရှိရပါကြောင်း၊ ကျေးရွာသုံး ထင်းစိုက်ခင်းများ တည်ထောင်ခြင်းများကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပွင်းလင်းရာသီများတွင် ဖြစ်တတ်သော မီးလောင်ကျွမ်းမှုများကြောင့် လေထုထဲသို့ မီးခိုးမြူငွေ့များအဖြစ် ပျံ့နှံ့စေပြီး လူသားများ၏ ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေပါကြောင်း၊ မီးခိုးမြူငွေ့များဖြစ်ပေါ်စေတတ်သော Fire Hotspot များ လျော့နည်းစေရေးအတွက် ဌာနဆိုင်ရာများနှင့် ဒေသခံများ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ သစ်တောသစ်ပင်တို့၏ တန်ဖိုးကို သိရှိနားလည်ပြီး နောင်အနာဂတ်မျိုးဆက်များ အတွက် သန့်ရှင်းသောပတ်ဝန်းကျင်နှင့် ကောင်းမွန် သောရာသီဥတုကို လက်ဆင့်ကမ်းပေးသွားနိုင်ရေးအတွက် “နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင် ထိန်းကြစို့”ဟူသော ဆောင်ပုဒ်နှင့်အညီအားလုံး ပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပါကြောင်း ပြောကြားပါတယ်။
ထို့နောက် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အပူပိုင်းသစ်တောထိန်းသိမ်းရေးအတွက် သစ်တောများ၏ အရေးပါမှု၊ မြန်မာနိုင်ငံအပူပိုင်း ဒေသဂေဟစနစ်၊ သဲကန္တာရ၊ တောမီးနှင့် မီးခိုးမြူငွေ့ဖြစ်ပွားမှု၊ သစ်တောထိန်းသိမ်းရေးဆောင်ရွက်နေမှုများကိုလည်းကောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က မီးခိုးမြူငွေ့ ညစ်ညမ်းမှုကြောင့် ကျန်းမာရေး၊ ပတ်ဝန်းကျင်နှင့် လူမှုစီးပွားအပေါ် သက်ရောက်မှု၊ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးဆောင်ရွက်နေမှုနှင့် ပြည်သူလူထုနှင့် ပူးပေါင်းဆောင်ရွက်ရမည့် အချက်များကိုလည်းကောင်း ရှင်းလင်းပြောကြားပြီး ပြည်ထောင်စုဝန်ကြီးသည် တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ တင်ပြမှုများအပေါ် လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးပါတယ်။
#Myanmagon
