
မြန်မာ့ဂုဏ် အောက်တိုဘာ ၁၂
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်အတွင်းရှိ အားကစားနှင့်ကာယပညာဦးစီးဌာနရုံးနှင့် အားကစားကွင်း/ အားကစားရုံများကို ယမန်နေ့မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစား နှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးပါတယ်။
ထိုသို့ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက အားကစားကွင်း/ အားကစားရုံများ ယခုထက်ပိုမိုတိုးတက်ကောင်းမွန်ပြီး အစဉ်အမြဲသန့်ရှင်းသာယာလှပစေရေးအတွက် အမြဲထိန်းသိမ်းစောင့်ရှောက်သွားရန်လိုကြောင်း၊ ထူးချွန်ထက်မြက်သည့်မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရေးနှင့် အားကစားနှင့်ကာယပညာသိပ္ပံသင်တန်းသားများ ရရှိစေရေးအတွက် အခြေခံပညာကျောင်းများနှင့်ချိတ်ဆက်ပြီး သတ်မှတ်စံချိန်စံညွှန်းများနှင့် ကိုက်ညီသည့် ကျောင်းသား ကျောင်းသူများကို သင်တန်းသားရွေးချယ်မှုတွင် အထောက်အကူပြုစေမည့် အခြေခံ နည်းစနစ်များနှင့် ကြံ့ခိုင်မှုများကို စီမံချက်များရေးဆွဲ၍ စနစ်တကျသင်ကြားလေ့ကျင့်ပေးသွား ရန်လိုကြောင်း၊
နိုင်ငံတော်သစ်တည်ဆောက်ရေးတွင် အဓိကအင်အားစုဖြစ်သည့် လူငယ်များ ဗလငါးတန်နှင့် ပြည့်စုံစေရန် အထောက်အကူဖြစ်စေမည့် အားကစားလှုပ်ရှားမှုများ ပိုမိုဆောင်ရွက်လာနိုင်စေရေးအတွက် အခြေခံကျောင်းများနှင့် ချိတ်ဆက်ပြီး အားကစားလေ့ကျင့်ခြင်း၏ အကျိုးကျေးဇူးများ၊ အသိပညာပေး ဟောပြောပွဲများ၊ သရုပ်ပြပွဲများ၊ အားကစားပြိုင်ပွဲများကိုကျင်းပပေးပြီး စည်းရုံးလှုံ့ဆော်ဆောင်ရွက်သွားရန်လိုကြောင်း၊
မန္တလေးတိုင်းဒေသကြီး အားကစားဖွံ့ဖြိုးတိုးတက်စေရန်နှင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ပေးနိုင် စေရန်အတွက် အခြေခံကျသည့် ကျောက်ဆည်ခရိုင်/ မြို့နယ်များမှ တာဝန်ရှိသူများက သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း၍ စနစ်တကျရေတို/ရေရှည် စီမံချက်များရေးဆွဲပြီး အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် မှာကြားခဲ့ပါတယ်။
#Myanmagon