
မြန်မာ့ဂုဏ် အောက်တိုဘာ ၁၁
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ အင်းစိန်မြို့နယ် ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန အောင်ဆန်းပုံနှိပ်စက်ရုံရှိ ပုံနှိပ်ရေးလုပ်ငန်းများနှင့် ကျောက်တံတားမြို့နယ်ရှိ ဝဇီရာရုပ်ရှင်ရုံ ပြင်ဆင်ရေးလုပ်ငန်းတို့ကို လိုက်လံ ကြည့်ရှုစစ်ဆေးပါတယ်။
ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပုံနှိပ်လုပ်ငန်းဆောင်ရွက် နေမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အတွက် လိုအပ်သည့်အရေးကြီး ပုံနှိပ်လုပ်ငန်းများကို သတ်မှတ်ချက်နှင့်အညီ အချိန်မီပြီးစီးအောင် ဆောင်ရွက်ရေးနှင့် ချွတ်ယွင်းမှားယွင်းမှု တစ်စုံတစ်ရာ မဖြစ်ပေါ်စေရေးအတွက် အဆင့်ဆင့် ကြပ်မတ်ဆောင်ရွက်ကြရန်မှာကြားပြီး ဝန်ထမ်းများအား ဂုဏ်ပြုထောက်ပံ့ငွေများပေးအပ်ကာ ပုံနှိပ်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပါတယ်။
ထို့နောက် ကျောက်တံတားမြို့နယ် ဗိုလ်ချုပ်အောင်ဆန်း လမ်းမပေါ်ရှိ ဝဇီရာရုပ်ရှင်ရုံသို့ ရောက်ရှိပြီး နိုင်ငံတကာအဆင့်မီဂုဏ်ပြုခံကဇာတ်ရုံအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ရေး လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပါတယ်။
ယင်းနောက် အစည်းအဝေးခန်းမ၌ ပြည်ထောင်စုဝန်ကြီးက ဝဇီရာရုပ်ရှင်ရုံအား နိုင်ငံတကာ အဆင့်မီ ဂုဏ်ပြုခံကဇာတ်ရုံအဖြစ် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ အဆင့်မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မူလ ဗိသုကာလက်ရာများ၊ မူလပုံစံများမပျက်ယွင်းစေဘဲ ပြင်ဆင်ရမည် ဖြစ်ပါကြောင်း၊ ၂၀၂၆ ခုနှစ် မတ်လဒုတိယအပတ်တွင် ပြီးစီးအောင် ပြင်ဆင်ဆောင်ရွက်ပေးစေလိုပါကြောင်း၊ ပြင်ဆင်ရေးလုပ်ငန်းများကို စဉ်းစားဆောင်ရွက်ရာတွင် ရေတိုလုပ်ငန်းများ သာမက ရေရှည်ဆောင်ရွက်ရမည့် လုပ်ငန်းများကိုပါ ထည့်သွင်းတွက်ဆဆောင်ရွက်ရန် လိုပါကြောင်း၊ ဝဇီရာရုပ်ရှင်ရုံသည် ရန်ကုန်မြို့လယ်ကောင်တွင် တည်ရှိသည့်အတွက် နိုင်ငံတကာ အဆင့်မီကဇာတ်ရုံကြီးတစ်ခု ဖြစ်ပေါ်လာစေရန် ဆောင်ရွက်ကြစေလိုပါကြောင်းနှင့် အစည်းအဝေးသို့ တက်ရောက်လာသူများကလည်း ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးစေလိုပါကြောင်း ပြောကြားပါတယ်။
ဆက်လက်၍ မြန်မာနိုင်ငံ ဗိသုကာကောင်စီဥက္ကဋ္ဌဦးဝင်းဇော်နှင့် တက်ရောက်လာကြသူများက ဝဇီရာရုပ်ရှင်ရုံ အဆင့်မြှင့်တင်ရေးနှင့်ပတ်သက်၍ ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးတင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရပါတယ်။
#Myanmagon