


မြန်မာ့ဂုဏ် နိုဝင်ဘာ ၈
နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုနှင့် ပြည်သူလူထုဘဝ အေးချမ်းသာယာ၍ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုတို့ကို မလိုလားသည့် နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်အဖွဲ့များသည် နိုဝင်ဘာ ၆ ရက်နံနက်ပိုင်းတွင် သဲဖြူကုန်းမှ သီလဝါသို့ပြေးဆွဲသည့် အမှတ် (၆၈၆) အစုန် ကျောက်ရထားအား ပဲခူး-မော်လမြိုင် ရထားလမ်းပိုင်းအတွင်း သိမ်ဆိပ်ဘူတာနှင့် ဒုံဝန်းဘူတာအကြား၌ မိုင်းထောင်ဖောက်ခွဲခဲ့ကြောင်း မြန်မာ့မီးရထားမှ သိရှိရပါတယ်။
မွန်ပြည်နယ် ဘီးလင်းမြို့နယ် သိမ်ဆိပ်ဘူတာမှ နိုဝင်ဘာ ၆ ရက် နံနက် ၈ နာရီ ၁၂ မိနစ်တွင် ထွက်ခွာလာခဲ့သော သဲဖြူကုန်းမှ သီလဝါသို့ ပြေးဆွဲသည့် အမှတ်(၆၈၆)အစုန် ကျောက်ရထားသည် နံနက် ၈ နာရီ ၁၅ မိနစ်ခန့်တွင် ပဲခူး-မော်လမြိုင် ရထားလမ်းပိုင်းအတွင်း သိမ်ဆိပ်ဘူတာနှင့် ဒုံဝန်းဘူတာအကြား၊ မိုင်တိုင်အမှတ် ၁၂၅/ ၁၉-၁၈ သို့ ရောက်ရှိစဉ် အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များက မိုင်းထောင်ဖောက်ခွဲခဲ့ရာ စက်ခေါင်းရှေ့ မိုင်းကာတွဲအပါအဝင် စက်ခေါင်းနှင့် စက်ခေါင်းနောက်ကပ်လျက်တွဲ (၃) တွဲ လမ်းချော်ကျမှု ဖြစ်ပွားခဲ့သဖြင့် သိမ်ဆိပ်နှင့် ဒုံဝန်းအကြား ရထားလမ်းပိုင်းအား ယာယီပိတ်ထားခဲ့ရကြောင်း သိရှိရပါတယ်။
မိုင်းပေါက်ကွဲမှုဖြစ်ပွားရာနေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် နယ်မြေဒေသတာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် နယ်မြေရှင်းလင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပြီး လမ်းပိုင်းအား အမြန်ဆုံးပြန်လည် ဖွင့်လှစ်နိုင်ရေးအတွက် မြန်မာ့မီးရထားဝန်ထမ်းများက လမ်းချော်ကျသော တွဲဆိုင်းများအား ရှင်းလင်းဖယ်ရှားခြင်း၊ ပြတ်တောက်သွားသော သံလမ်းအား ဖြတ်တောက်လဲလှယ်၍ အစားထိုးတပ်ဆင်ခြင်းနှင့် လမ်းပြုပြင်ခြင်းများကို အမြန်ဆုံးပြုပြင်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါတယ်။
အဆိုပါ မိုင်းပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ယမန်နေ့နံနက်ပိုင်းတွင် မော်လမြိုင်မှ ရန်ကုန်သို့ စတင်ထွက်ခွာမည့် အမှတ် (၈၂) အစုန် လူစီးအမြန်ရထားသည် မော်လမြိုင်ဘူတာမှမထွက်ခွာမီ ဖျက်သိမ်းခဲ့ရပြီး ရန်ကုန်မှ မော်လမြိုင်သို့ ယမန်နေ့နံနက် ၈ နာရီတွင် စတင်ထွက်ခွာခဲ့သည့် အမှတ်(၈၁)အဆန် လူစီးအမြန်ရထားသည် ဝေါဘူတာသို့ နံနက် ၉ နာရီ ၂၃ မိနစ်တွင် ရောက်ရှိချိန်၌ ခရီးစဉ်အား ရန်ကုန်သို့ နံနက် ၁၀ နာရီခွဲအချိန်တွင် ပြန်လည်ထွက်ခွာခဲ့ရကြောင်း၊ ထို့အတူ ပဲခူး-မော်လမြိုင်ရထားလမ်းပိုင်းအတွင်း ပြေးဆွဲလျက်ရှိသည့် အမှတ် (၃၃၃) အစုန် ကျောက်ရထားသည် နိုဝင်ဘာ ၆ ရက် ညနေ ၅ နာရီ မိနစ် ၃၀ နှင့် အမှတ်(၆၈၈)အစုန် ကျောက်ရထားသည် ယနေ့ နံနက် ၈ နာရီ ၅ မိနစ် တွင် သထုံဘူတာ၌လည်းကောင်း၊ အမှတ်(၆၈၃)အဆန် တွဲလွတ်ရထား သည် ယမန်နေ့နံနက် ၈ နာရီ ၅၅ မိနစ်တွင် မရမ်းကုန်းဘူတာ၌လည်း ကောင်း၊ အမှတ်(၂၇၁)အဆန် တွဲလွတ်ရထားသည် ယမန်နေ့နံနက် ၉ နာရီ မိနစ် ၂၀ တွင် ကျိုက်ထိုဘူတာ၌လည်းကောင်း အသီးသီးရောက်ရှိ ရပ်နားထားကြောင်း သိရှိရပါတယ်။
#Myanmagon