
မြန်မာ့ဂုဏ် နိုဝင်ဘာ ၉
ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့ရှိ Grand Hyatt Erawan ဟိုတယ်၌ ၂၀၂၅ ခုနစ်၊ နိုဝင်ဘာလ ၃ ရက်မှ ၇ ရက်အထိ ကျင်းပပြုလုပ်ခဲ့သော (၄၃) ကြိမ်မြောက် အာဆီယံရဲအဖွဲ့ညီလာခံ (43rd ASEANAPOL Conference) သို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ကြပါတယ်။
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်၊ နံနက်ပိုင်းတွင်ပြုလုပ်ခဲ့သော ညီလာခံဖွင့်ပွဲအခမ်းအနား၌ ထိုင်းနိုင်ငံတော်ဝင်ရဲတပ်ဖွဲ့၊ ရဲချုပ် ရဲဗိုလ်ချုပ်ကြီး Kittharath Punpetch က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး ထိုင်းနိုင်ငံ၊ ဝန်ကြီးချုပ်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ဝန်ကြီး H.E. Mr. Anutin Charnvirakul က အဖွင့်မိန့်ခွန်းပြောကြားခဲ့ပါတယ်။
ညီလာခံသို့ အာဆီယံရဲအဖွဲ့ဝင် ၁၀ နိုင်ငံမှ ရဲချုပ်များ၊ ဒုတိယရဲချုပ်များနှင့် အဆင့်မြင့်ရဲအရာရှိကြီးများ၊ အာဆီယံရဲအဖွဲ့အတွင်းရေးမှူးရုံးမှ အလုပ်အမှုဆောင်ညွှန်ကြားရေးမှူးနှင့်အရာရှိများ၊ ဆွေးနွေးဘက်များဖြစ်ကြသော ဩစတြေးလျနိုင်ငံ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၊ တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံ၊ ကိုရီးယားနိုင်ငံ၊ နယူးဇီလန်နိုင်ငံ၊ ရုရှားနိုင်ငံ၊ တူကီယဲနိုင်ငံ၊ ဗြိတိန်နိုင်ငံ၊ အပြည်ပြည်ဆိုင်ရာရဲအဖွဲ့ (INTERPOL)၊ အမေရိကန်အမျိုးသားထောက်လှမ်းရေးဗျူရို (Federal Bureau of Investigation-FBI) နှင့် လေ့လာဖက်များဖြစ်ကြသော ကနေဒါနိုင်ငံ၊ အပြည်ပြည်ဆိုင်ရာရဲချုပ်များအသင်း (International Association of Chiefs of Police-IACP)၊ ပြင်သစ်နိုင်ငံ၊ ဖီဂျီနိုင်ငံ၊ တီမောလက်စ်တီနိုင်ငံ၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (International Committee of the Red Cross-CRC)၊ အီတလီနိုင်ငံ၊ အာရပ်စော်ဘွားများပြည်ထောင်စု (UAE)၊ ပင်လယ်ကွေ့နိုင်ငံရဲတပ်ဖွဲ့များပူးပေါင်းဆောင်ရွက်ရေးကောင်စီ (Gulf Cooperation Council Police-GCCPOL) တို့မှ ပြည်ထဲရေးဝန်ကြီး၊ ရဲချုပ်များ၊ ဒုတိယရဲချုပ်များ၊ အကြီးတန်းရဲအရာရှိကြီးများနှင့်ကိုယ်စားလှယ်များ၊ စုစုပေါင်း ၂၂၀ ဦးခန့် တက်ရောက်ခဲ့ကြပါတယ်။
ညီလာခံဖွင့်ပွဲအခမ်းအနားပြီးနောက် ကော်မရှင် အေ၊ ဘီ၊ စီ အစည်းအဝေးများကို သီးခြားစီကျင်းပပြုလုပ်ခဲ့ကြပြီး အာဆီယံရဲအဖွဲ့ဝင်နိုင်ငံများမှ သက်ဆိုင်ရာအဆင့်မြင့်ရဲအရာရှိကြီးများ တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။
အစည်းအဝေးများ၌ မူးယစ်ဆေးဝါးကုန်ကူးမှု၊ အကြမ်းဖက်မှု၊ လက်နက်မှောင်ခိုမှု၊ လူကုန်ကူးမှု၊ တောရိုင်းတိရစ္ဆာန်မှုခင်း၊ ငွေကြေးဆိုင်ရာမှုခင်း၊ ဆိုက်ဘာမှုခင်း၊ ပင်လယ်ရေကြောင်းဆိုင်ရာမှုခင်းစသည့် မှုခင်းများတိုက်ဖျက်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများအပြင် အာဆီယံရဲအဖွဲ့အီလက်ထရောနစ်သတင်းအချက်အလက်စနစ် (Electronic ASEANAPOL Database System-e-ADS) အသုံးပြုမှုမြှင့်တင်ရေး၊ ပြစ်မှုဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ အပြန်အလှန်အကူအညီပေးရေး (Mutual Assistance in Criminal Matters)၊ အာဆီယံရဲအဖွဲ့ဝင်နိုင်ငံများအကြား သင်တန်းသားများအပြန်အလှန်စေလွှတ်ရေးနှင့် အာဆီယံရဲအဖွဲ့၏ မှုခင်းဆေးသိပ္ပံကွန်ရက် (ASEAN Police Forensic Science Network- APFSN) အသုံးပြုမှုမြှင့်တင်ရေး စသည့်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
မွန်းလွဲပိုင်းတွင် အာဆီယံရဲအဖွဲ့ဝင်နိုင်ငံများ၊ ဆွေးနွေးဖက်နှင့် လေ့လာဖက်နိုင်ငံ/အဖွဲ့အစည်းများမှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များ တက်ရောက်ရသော ပထမအကြိမ်စုံညီအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါတယ်။
အဆိုပါအစည်းအဝေး၌ (၄၂) ကြိမ်မြောက် အာဆီယံရဲအဖွဲ့ညီလာခံဥက္ကဋ္ဌ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ်ကအဖွင့်အမှာစကားပြောကြားပြီး (၄၂)ကြိမ်မြောက် အာဆီယံရဲအဖွဲ့ ညီလာခံပူးတွဲကြေညာချက် (42rd Joint Communique-42rd JC) အပေါ် အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှုအခြေအနေ အစီရင်ခံစာအကျဉ်းချုပ်ကိုဖတ်ကြားခဲ့ပါတယ်။
ယင်းနောက် အာဆီယံရဲအဖွဲ့ညီလာခံ ဥက္ကဋ္ဌတာဝန်အား ထိုင်းနိုင်ငံတော်ဝင်ရဲတပ်ဖွဲ့၊ ရဲချုပ်ထံသို့ အစီရင်ခံစာအကျဉ်းချုပ်နှင့်အတူ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။
ဆက်လက်၍ (၁၄)ကြိမ်မြောက် အလုပ်အမှုဆောင်ကော်မတီအစည်းအဝေး၌ ဆွေးနွေးခဲ့သည့်အချက်များကို ထပ်မံဆွေးနွေးအတည်ပြုသည့် အာဆီယံရဲအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များတွေ့ဆုံဆွေးနွေးမှုကို ကျင်းပပြုလုပ်ခဲ့ပါတယ်။
ဆက်လက်၍ အာဆီယံရဲအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များနှင့် ဆွေးနွေးဖက် နိုင်ငံ/အဖွဲ့အစည်းများမှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးမှုကို ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါအစည်းအဝေး၌ အာဆီယံရဲအဖွဲ့ဝင်နိုင်ငံများမှ ရဲတပ်ဖွဲ့ဝင်များ၏ စွမ်းရည်မြှင့်တင်ရေးနှင့် နိုင်ငံဖြတ်ကျော်မှုခင်းများတိုက်ဖျက်ရာတွင် ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြပါတယ်။
နိုဝင်ဘာလ ၅ ရက်နေ့ နံနက်ပိုင်းတွင် ကော်မရှင် အေ၊ ဘီ၊ စီ အစည်းအဝေးများကို ဆက်လက်ကျင်းပပြုလုပ်ခဲ့ကြပြီး နေ့လယ်ပိုင်းတွင် အာဆီယံရဲအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များနှင့် အာဆီယံရဲအဖွဲ့အတွင်းရေးမှူးရုံးမှအလုပ်အမှုဆောင်ညွှန်ကြားရေးမှူးတို့က ထိုင်းနိုင်ငံ၊ ဝန်ကြီးချုပ်ထံသွားရောက်တွေ့ဆုံဂါရဝပြုခဲ့ကြပါတယ်။
နိုဝင်ဘာလ ၆ ရက်နေ့ နံနက်ပိုင်းတွင် ဒုတိယအကြိမ်စုံညီအစည်းအဝေးကိုကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါအစည်းအဝေး၌ ကော်မရှင် အေ၊ ဘီ၊ စီ အစည်းအဝေးများမှရလဒ်များနှင့် (၄၃)ကြိမ်မြောက် အာဆီယံရဲအဖွဲ့ ညီလာခံပူးတွဲကြေညာချက်တွင် ထည့်သွင်းမည့်အချက်များကို သက်ဆိုင်ရာအစည်းအဝေးသဘာပတိများက ရှင်းလင်းဖတ်ကြားတင်ပြခဲ့ကြပါတယ်။
မွန်းလွဲပိုင်းတွင် ညီလာခံပိတ်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ခဲ့ပြီး (၄၃) ကြိမ်မြောက် အာဆီယံရဲအဖွဲ့ညီလာခံပူးတွဲကြေညာချက် (43rd Joint Communique- 43rd JC) အား အာဆီယံရဲအဖွဲ့ဝင် ၁၀ နိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များကလက်မှတ်ရေးထိုးခဲ့ကြပါတယ်။
အဆိုပါ 43rd JC ၏ နောက်ဆက်တွဲအဖြစ် ပူးတွဲဖော်ပြမည့် အွန်လိုင်းအသုံးပြုလိမ်လည်မှု ကျူးလွန်နေသော အဖွဲ့အစည်းများအား နှိမ်နင်းတိုက်ဖျက်ရေးဆိုင်ရာပူးတွဲကြေညာချက် (Bangkok Joint Declaration on eliminating scam centres linked to trafficking in persons for forced criminality) အတည်ပြုခဲ့ကြပါတယ်။
#Myanmagon