

















ပဲခူးမြို့တွင် ဒီဇင်ဘာအားကစားလ(နောက်ဆုံးပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီးဒေါ်စိုးစိုးသက်တို့ ပါဝင်ဆင်နွှဲ
မြန်မာ့ဂုဏ် ဒီဇင်ဘာ ၂၇
ဒီဇင်ဘာလ ၂၇ ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့တွင် ဒီဇင်ဘာအားကစားလ (နောက်ဆုံးပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်၊ အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်ဌာနဆိုင်ရာများ၊ ကျောင်းသား/သူများ၊ သင်တန်းသား/ သူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများ ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီးအားကစားနှင့် ကာယ ပညာဦးစီးဌာနမှကျင်းပပြုလုပ်သည့် ဒီဇင်ဘာလ(နောက်ဆုံးပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ ရောက်ရှိခဲ့ပြီး ပဲခူးမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းရှေ့မှစတင်ကာ စုပေါင်းလမ်းလျှောက်ခဲ့ ကြပြီး ဟံသာဝတီယူနိုက်တက်ဘောလုံးကွင်းအတွင်း၌ စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်း အတွဲ (၁)နှင့် အတွဲ(၂)တို့အား ပြုလုပ်ခဲ့ကြပါတယ်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်စိုးစိုးသက်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ဌာနဆိုင်ရာလွန်ဆွဲပြိုင်ပွဲ၊ အပျော်တမ်း ဘောလုံးဂိုးကျဉ်း သွင်းပြိုင်ပွဲ၊ ကြက်တောင်ရိုက်ပြိုင်ပွဲနှင့် ခါးကွင်းလှည့်ပြိုင်ပွဲတို့အား ကြည့်ရှုအားပေးခဲ့ကြပြီး လမ်းလျှောက်ပွဲတွင်ပါဝင်ဆင်နွှဲကြသူများအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီးဒေါ်စိုးစိုးသက်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝန်ကြီးများက ကံစမ်းမဲဖောက်ပေးခြင်းနှင့် လွန်ဆွဲပြိုင်ပွဲတွင် အနိုင်ရရှိသူများအား ဂုဏ်ပြုဆုများ အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြကြောင်းသိရပါတယ်။
အဆိုပါ ဒီဇင်ဘာအားကစားလ (နောက်ဆုံးပါတ်)လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ ဌာနဆိုင်ရာများ၊ ဆရာ/ ဆရာမများ၊ ကျောင်းသား/သူများ၊ ရပ်ကွက်နေပြည်သူများ၊ လူမှုရေးအသင်းအဖွဲ့များ စုစုပေါင်း လူဦးရေ ၁၅၀၀၀ ကျော် ပါဝင်ဆင်နွှဲခဲ့ကြပြီး ပဲခူးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မိသားစုများက ကောက်ညှင်းပေါင်း၊ အကြော်တို့ဖြင့် ကျွေးမွေးဧည့်ခံကြပါတယ်။
Myanmagon(SN)