


မြန်မာ့ပင်လယ်တွင် နစ်မြုပ်လှေမှ လူ ၁၁၈ ဦးအား တပ်မတော်ရေက ကယ်တင်
မြန်မာ့ဂုဏ် ဇန်နဝါရီ ၁၀
မြန်မာ့ ပင်လယ်ပြင်အတွင်း ရေဝင်နစ်မြုပ်နေတဲ့ လှေ ၁ စင်းပေါ်မှာ လိုက်ပါလာသူတွေထဲက လူ ၁၁၈ ယောက်ကို တပ်မတော် (ရေ) နဲ့ မြန်မာနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့မှ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ကူညီ ကယ်ဆယ်နိုင်ခဲ့တယ်လို့ ပြန်ကြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
အဲဒီ ဖြစ်စဉ်ကတော့ ဇန်နဝါရီ ၁၀ ရက်၊ မနက်အစောပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့ရဲ့ တောင်ဘက် ရေမိုင် ၁၅၆ မိုင် အကွာရှိ မြန်မာ့ပင်လယ်ပြင်အတွင်း လှေတစ်စင်း ရေဝင်နစ်မြုပ်နေကြောင်း ဇောတိက ရေနံစင်ရဲ့ အထောက်အကူပြု ရေယာဉ်တွေရဲ့ သတင်းပေးပို့မှုအရ ပင်လယ်ပြင်အတွင်း လုံခြုံရေး လုပ်ငန်းတွေ ဆောင်ရွက် နေတဲ့ တပ်မတော် (ရေ) မှ စစ်ရေယာဉ် ၁ စီး နဲ့ မြန်မာနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့မှ ရေယာဉ် ၁ စီး တို့ဟာ ဇောတိ က ရေနံစင်ရဲ့ အထောက်အကူပြု ရေယာဉ်တွေနဲ့ ပူးပေါင်းပြီး ကူညီကယ်ဆယ်ရေးတွေ သွားရောက် ဆောင်ရွက် ခဲ့ တာလို့ ဆိုပါတယ်။
အဲ့ဒီ လှေပေါ်မှာ လိုက်ပါလာသူတွေထဲက လူ ၁၁၈ ယောက်ကို စစ်ရေယာဉ်ပေါ် ကူညီကယ်ဆယ်နိုင်ခဲ့ပြီး လိုအပ် တဲ့ ဆေးဝါးကုသမှုတွေ ဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ရေဝင် နစ်မြုပ်ခဲ့တဲ့ လှေပေါ်မှ ကူညီကယ်ဆယ် ထားရှိသူတွေကို သက်ဆိုင်ရာကို လုပ်ထုံးလုပ်နည်းတွေ နဲ့အညီ ပြန်လည် လွှဲပြောင်းပို့ဆောင်နိုင်ရေး တာဝန်ရှိသူတွေက လိုအပ်တဲ့ စိစစ်ဆောင်ရွက်မှုတွေ ဆက်လက် ဆောင်ရွက်နေပြီး ကောင်းမွန်စွာ စနစ်တကျ စောင့်ရှောက်ထားတယ်လို့ သိရပါတယ်။
Myanmagon