
ပြည်ထောင်စုနယ်မြေ နေပြည်တော် လယ်ဝေးမြို့နယ်အခြေပြု ခွာနာလျှာနာရောဂါကင်းရှင်းဇုန်နှင့် ကာကွယ်ဇုန်သတ်မှတ်ကြေညာ
မြန်မာ့ဂုဏ် မတ် ၂၁
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၏ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လယ်ဝေးမြို့နယ်အခြေပြု ခွာနာလျှာနာရောဂါ (FMD) ကင်းရှင်းဇုန်နှင့် ကာကွယ်ဇုန် သတ်မှတ်ကြေညာပွဲကို နေပြည်တော် ရုံးအမှတ်(၁၅) တွင် ကျင်းပခဲ့ပါတယ်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က ဇုန်တည်ထောင်ခြင်းသည် ရောဂါကာကွယ်ထိန်းချုပ်မှုကို စနစ်တကျ ဆောင်ရွက်နိုင်စေပြီး မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေကာ ကျေးလက်ပြည်သူများ၏ လူမှုစီးပွားဘဝ တိုးတက်လာစေမည်ဖြစ်ကြောင်း ပြောကြားပါတယ်။
ထို့အပြင် ခွာနာလျှာနာရောဂါ ကင်းရှင်းလာခြင်းကြောင့် ကျွဲ၊ နွား ကုန်သွယ်ရေးလုပ်ငန်းများ ပိုမိုတိုးတက်လာနိုင်ပြီး နိုင်ငံ့စီးပွားရေးနှင့် GDP တိုးတက်ရေးကိုလည်း အထောက်အကူပြုမည်ဟု ဆိုပါတယ်။
ထို့ပြင် ဇုန်တည်ထောင်ပြီးနောက် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ဦးစီးဌာနများနှင့် မြို့နယ်အဆင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများ ပူးပေါင်းကူညီဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဆက်စပ်ဌာနများ၊ အဖွဲ့အစည်းများနှင့် မွေးမြူရေးလုပ်ငန်းရှင်များလည်း မိမိတို့၏ကဏ္ဍအလိုက် ပူးပေါင်းထိန်းသိမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း အလေးထားပြောကြားခဲ့ပါတယ်။
ထို့နောက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများက ဇုန်တည်ထောင်ရသည့် ရည်ရွယ်ချက်၊ ရရှိမည့်အကျိုးကျေးဇူးများ၊ လိုက်နာရမည့် စည်းကမ်းချက်များနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့ပြီး FMD ကင်းရှင်းဇုန်နှင့် ကာကွယ်ဇုန် သတ်မှတ်ပြီးစီးကြောင်း ကြေညာခဲ့ပါတယ်။
အခမ်းအနားသို့ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်များ၊ အုပ်ချုပ်ရေးအရာရှိများ၊ ဦးစီးဌာနအသီးသီးမှ တာဝန်ရှိသူများ၊ တိရစ္ဆာန်ဆေးပညာဆိုင်ရာ အဖွဲ့အစည်းများနှင့် မွေးမြူရေးလုပ်ငန်းရှင်များ ပါဝင်တက်ရောက်ခဲ့ပါတယ်။
#Myanmagon