

နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်သည့် PDF အဖွဲ့ဝင် ၈ ဦးနှင့် AA အဖွဲ့ဝင် ၁၀ ဦးတို့သည် လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်
မြန်မာ့ဂုဏ် မတ် ၂၆
နိုင်ငံတော်အစိုးရသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်၍ ပြန်လည်ဝင်ရောက် လာကြသူများကိုလည်း လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို နားလည်သဘော ပေါက်လာသည့် PDF အဖွဲ့ဝင် အမျိုးသား ၈ ဦး၊ AA အဖွဲ့ဝင် အမျိုးသား ၁၀ ဦး၊ စုစုပေါင်း ၁၈ ဦးတို့သည် လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာကြပြီး တာဝန်ရှိသူများက ကြိုဆိုလက်ခံ၍ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပွဲကို ယနေ့နံနက်ပိုင်းတွင် အနောက်တောင်တိုင်းစစ်ဌာနချုပ် ဧရာဝတီခန်းမ၌ ကျင်းပပြုလုပ်ပါတယ်။
ထိုသို့ ဥပဒေဘောင်အတွင်းပြန်လည်ဝင်ရောက်လာကြသည့် ဧရာဝတီတိုင်း ဒေသကြီး၊ ကျိုက်လတ်မြို့မှ ၁ ဦး၊ အင်္ဂပူမြို့နယ်မှ ၁ ဦး၊ ရေကြည်မြို့နယ်မှ ၁ ဦး၊ ရွှေသောင်ယံမြို့နယ်မှ ၁ ဦး၊ ဟိုင်းကြီးကျွန်းမြို့နယ်မှ ၁ ဦး၊ လေးမျက်နှာမြို့နယ်မှ ၁ ဦး၊ ကြံခင်းမြို့နယ်မှ ၁ ဦး၊ မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်မှ ၁ ဦး၊ ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှ ၂ ဦး၊ မြေပုံမြို့နယ်မှ ၁ ဦး၊ မြောက်ဦးမြို့နယ်မှ ၂ ဦး၊ ရမ်းဗြဲမြို့နယ်မှ ၁ ဦး၊ ဂွမြို့နယ်မှ ၂ ဦး၊ ပုဏ္ဏားကျွန်းမြို့နယ်မှ ၁ ဦးနှင့် မောင်တော မြို့နယ်မှ ၁ ဦးတို့အား တာဝန်ရှိသူများက ကြိုဆိုလက်ခံ၍ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်း အပ်နှံပွဲကို ပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းမှူး ဗိုလ်ချုပ် စိုးကျော်ထက်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာကြသူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက် ကြပါတယ်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများအား အသိပညာပေး အမှာစကားပြောကြားပါတယ်။
ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြသူများက ၎င်းတို့နှင့်အတူ ပါရှိလာသည့် MA-1 အမျိုးအစားမောင်းပြန်ရိုင်ဖယ်(၅) လက်၊ MA-3 အမျိုးအစား မောင်းပြန် ရိုင်ဖယ်(၁) လက်၊ MA-11 အမျိုးအစား မောင်းပြန်ရိုင်ဖယ်(၁) လက်၊ SIG SAUER အမျိုးအစားပစ္စတို (၁)လက်၊ ၃၅ တောင့်ဝင်ကျည်အိမ် (၉) ခု၊ SIG SAUER အမျိုးအစား ပစ္စတိုကျည်အိမ် ၁ ခု၊ BA-91 လက်ပစ်ဗုံး (၁) လုံး၊ ၅ ဒသမ ၅၆ မမ ကျည် (၂၈၃) တောင့်၊ ၇ ဒသမ ၆၂ မမ ကျည် (၂၃) တောင့်နှင့် USA 380 AUTO (၂၀) တောင့်တို့အား လွှဲပြောင်းအပ်နှံရာ တိုင်းမှူးနှင့် တာဝန်ရှိသူများက လက်ခံရယူ ကြပါတယ်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများအတွက် သေနတ် ၁ လက်လျှင် ဆုကြေးငွေ ကျပ်သိန်း(၅၀)နှုန်းဖြင့် သေနတ် ၇ လက်အတွက် ကျပ်သိန်း (၃၅၀) ကျပ်၊ ပစ္စတို ၁ လက်အတွက် သိန်း (၂၀) ကျပ်၊ လက်ပစ်ဗုံး (၁)လုံးအတွက် ဆုကြေးငွေ (၃)သိန်းကျပ်နှင့် အလင်းဝင်ရောက်လာသူ (၁)ဦးလျှင် (၃)သိန်းကျပ်နှုန်းဖြင့် (၁၈)ဦး အတွက် (၅၄)သိန်းကျပ်၊ စုစုပေါင်းချီးမြှင့်ငွေကျပ်သိန်း (၄၂၇)သိန်းနှင့် ထောက်ပံ့ပစ္စည်းများကို ထောက်ပံ့ပေးအပ်ရာ ဥပဒေဘောင် အတွင်းပြန် လည်ဝင်ရောက်လာသူများ ကိုယ်စား အုပ်ထိန်းသူ တစ်ဦးက ကျေးဇူးတင် စကားပြန်လည်ပြောကြားပါတယ်။
ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက် လာသူများအား ခံဝန်ကတိ လက်မှတ်ရေးထိုးစေပြီး မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က တက်ရောက် လာသူများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ခဲ့ပါတယ်။
#Myanmagon