
မြန်မာ့ဂုဏ်အောက်တိုဘာ ၂၀
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် တိုင်းဒေသ ကြီးအဆင့် ဌာနဆိုင်ရာတာဝန် ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ဝန်ကြီးဌာနအောက်ရှိ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဝန်ထမ်းများနှင့် တွေ့ဆုံပါတယ်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများအနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်စေရေးအတွက် တောင်သူများလိုအပ်သည့် နည်းပညာများ အားပေါင်းစပ်ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ ကျေးရွာရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်အခြား ကုန်ထုတ်လုပ်ငန်း လုပ်ကိုင်သူများမှ အကူအညီတောင်းခံလာပါက ဆက်စပ်ဦးစီးဌာနများနှင့် တတ်နိုင်သမျှ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ ကျေးလက်နေပြည်သူများ၏ ဝင်ငွေတိုးလုပ်ငန်းများနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို စေတနာထား လုပ်ဆောင်ကြရန် လိုအပ်ကြောင်းနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ဝန်ထမ်းသက်သာချောင်ချိရေးအတွက် ကြိုးပမ်းဆောင်ရွက်ပေးရန် ဆွေးနွေးမှာကြားပြီး ဝန်ထမ်းများ၏တင်ပြချက်များကို ပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးပါတယ်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပုသိမ်မြို့ရှိ သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာ သင်တန်းကျောင်း (ပုသိမ်)သို့သွားရောက်ပြီး သင်တန်းကျောင်းခန်းမ၌ ကျောင်းအုပ်ကြီး၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့်တွေ့ဆုံရာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးသည် အရေးကြီးပါကြောင်း၊ ကျောင်းသား ကျောင်းသူများအနေဖြင့်ပျော်ရွှင် အေးချမ်းစွာပညာ သင်ကြားကြပြီး စာကြိုးစားကြရန်နှင့် အမှန်တကယ် တတ်မြောက်စေရေး၊ စွမ်းရည်များ ပြည့်ဝစေရေးတို့အတွက် ကြိုးစားသင်ယူကြရန် လိုအပ်ကြောင်း၊ စိတ်ဓာတ်ခံယူချက်ကောင်းရန်၊ ရည်မှန်းချက် ထားရန်လိုအပ်ကြောင်း၊ သတ်မှတ်အရည်အချင်းပြည့်မီပါက သမ ဝါယမကောလိပ်နှင့် တက္ကသိုလ်များသို့ ဆက်လက်ပေါင်းကူး တက်ရောက်နိုင်ကြောင်း၊ ဆရာ ဆရာမများကလည်း အမှန်တကယ် တတ်မြောက်အောင် သင်ကြားပေးရန်နှင့် သင်တန်း ပြီးဆုံးပါက အလုပ်အကိုင်အခွင့်အလမ်းရရှိသည်အထိ ချိတ်ဆက်ဆောင်ရွက်ပေးရန်မှာကြားပြီး ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမများ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရပါတယ်။
#Myanmagon