မြန်မာ့ဂုဏ် နိုဝင်ဘာ ၆
မြန်မာနိုင်ငံ၌ရောက်ရှိနေသည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုဗိုစီဗစ်ဒေသအုပ်ချုပ်ရေးမှူး H.E.Mr. Andrey Aleksandrovich Travnikov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်များသည် ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်မှ တပ်မတော်အထူးလေယာဉ်ဖြင့်ထွက်ခွာရာ ရန်ကုန် မြို့သို့ ရောက်ရှိကြပါတယ်။
ထို့နောက် နိုဗိုစီဗစ်ဒေသအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီးအစိုးရရုံးအစည်းအဝေးခန်းမ၌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့်ရင်းနှီးမြှုပ်နှံရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကာ အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြပါတယ်။
ဆက်လက်၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ရုံးမင်္ဂလာခန်းမ၌ မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌ ဦးအေးဝင်း၊ အထွေထွေအတွင်းရေးမှူးနှင့်အမှုဆောင်အဖွဲ့ဝင်များနှင့်တွေ့ဆုံပြီး စီးပွားရေးဆိုင်ရာများနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးကြပါတယ်။
ယင်းနောက် အဆိုပါကိုယ်စားလှယ်အဖွဲ့သည် ရွှေတိဂုံစေတီတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညိုကြပြီး ရွှေတိဂုံစေတီတော်မြတ်ကြီးရှိ သာသနိကအဆောက်အအုံများကို ကြည့်ရှုလေ့လာကြပါတယ်။
မွန်းလွဲပိုင်းတွင် ဧည့်သည်တော်နိုဗိုစီဗစ်ဒေသအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့သည် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တိုင်းဒေသကြီးဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာရုရှားဖက်ဒရေးရှင်းနိုင်ငံသံအမတ်ကြီး၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာမှတာဝန်ရှိသူများ၊ တိုင်းရင်းသားတိုင်းရင်းသူများက မြန်မာ – ရှရှား နှစ်နိုင်ငံအလံငယ်များကိုဝှေ့ယမ်း၍ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြပါတယ်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှမထွက်ခွာမီ တိုင်းဒေသကြီးဝန်ကြီးချုပ်က နိုဗိုစီဗစ်ဒေသအုပ်ချုပ်ရေးမှူးအား မြန်မာနိုင်ငံခရီးစဉ်မှတ်တမ်းဓာတ်ပုံအယ်လ်ဘမ်ကို အမှတ်တရ လက်ဆောင် ပေးအပ်ခဲ့ကြောင်း သိရပါတယ်။
#Myanmagon

