















မြန်မာ့ဂုဏ် နိုဝင်ဘာ ၁၈
ရခိုင်ပြည်နယ်နှင့် မလေးရှားနိုင်ငံသို့ ပို့ဆောင်မည့် မူးယစ်ဆေးဝါးများဖမ်းဆီးရမိခဲ့ကြောင်းယနေ့(နိုဝင်ဘာ ၁၈ ရက်) တွင်သတင်းထုတ်ပြန်လိုက်ပါတယ်။
လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ သတင်းရယူဖော်ထုတ်ချက်များအရ ၂၀၂၅ ခုနှစ်၊ နိုဝင် ဘာလ ၅ ရက်နေ့ ညပိုင်းတွင်ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ (၁)ရပ်ကွက်၊ ဆင်အိုးဖိုရပ်၊ ကမ်းနားလမ်း၊ ဂိုဒေါင်အမှတ်(၁၉)၌မြေအောက်ခန်းအတွင်း သိုဝှက်ထိန်းသိမ်းထားသည့် ရခိုင်ပြည်နယ်နှင့် မလေးရှားနိုင်ငံသို့ ပို့ဆောင်မည့်အိုက်စ်(ICE)မူးယစ်ဆေးဝါး ၄၀၀၀ကီလိုဂရမ်၊ တန်ဖိုးငွေကျပ် ၁၂၀ ဘီလီယံခန့်နှင့်အတူ AA အကြမ်းဖက်သောင်းကျန်း သူအဖွဲ့မှ ထောက်ပံ့ရေးတာဝန်ခံ ခင်ထွန်း နှင့် ပုသိမ်မြို့၌ မူးယစ်ဆေးဝါးများ ထိန်းသိမ်းပေးသူ လမင်းခန့် တို့ ၂ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။
ဖမ်းဆီးရမိတရားခံ ၂ ဦး၏ ဖော်ထုတ်ချက်အရ နိုဝင်ဘာလ ၆ ရက်နေ့ နံနက်ပိုင်းတွင် ဆက်စပ်တရားခံများ ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့ နယ်၊ဇော်ဂျီလမ်းရှိ “ရွှေလမင်း”ဆေးရုံ၌ တရားခံ နိုင်လင်း အားလည်းကောင်း၊ ပုသိမ်မြို့ နယ်၊ (၉)ရပ်ကွက်၊ထင်းပုံဆိပ်ကျေးရွာ၌ တရားခံ ဇော်မင်းထွန်း(ခ)ညီပု အားလည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ကျွန်းစုမြို့နယ်၊ မအိုင်ကျေးရွာအုပ်စု၊ “ကောင်းကောင်း”ဂဏန်းမွေးမြူရေးကန်အရှေ့ရေပြင်၌မူးယစ်ဆေးဝါး ပို့ဆောင်ရာတွင်အသုံးပြုသည့် “MV လက်ဝါး”ကုန်တင်သင်္ဘော ၁ စီး နှင့်အတူလှေလုပ်သားများဖြစ်ကြသည့် မောင်စိုး(ပဲ့နင်း) ၊ ခင်ဝင်း ၊ အောင်ဆန်းဦး ၊ အောင်ဇင်လတ် ၊ ဝင်းနိုင် ၊အောင်လင်း ၊ ကျော်မင်းလတ်၊ ဟိန်းမင်းသူ ၊ ကျော်ကိုကိုထွေး ၊ သန်းထိုက်ဦး တို့ ၁၀ ဦးအားလည်းကောင်း၊ ယင်းနေ့ ညနေပိုင်းတွင် ချောင်းသာမြို့၊ အမှတ်(၃)ရပ်ကွက်၌ တရားခံဝင်းဝင်းထွန်း(ခ)ဝင်းထွန်း အားလည်းကောင်း၊ ချောင်းသာမြို့၊ အမှတ်(၂)ရပ်ကွက်၊ မြပုလဲသွယ်လမ်း၌တရားခံ အောင်မျိုးဝင်း(ခ) မင်းသားကြီး အားလည်းကောင်း၊ ပုသိမ်မြို့နယ်၊ သလပ်ခွာကျေးရွာအုပ်စု၊မော်တော် ကုန်းကျေးရွာ၌ တရားခံ အာဆာ(ခ)ဝတုတ် အားလည်းကောင်း၊ ယင်းနေ့ ညပိုင်းတွင်မြိတ်မြို့၊ နောက်လယ်ရပ်ကွက်၊ ပိတောက်ရွှေဝါလမ်းရှိ ဘောဇဝတီဆန်ဆိုင်တွင် မူးယစ်ဆေးဝါးများထိန်းသိမ်းပေးသူ တရားခံ ဒိုရာစတီဗင် အားလည်းကောင်း ဖမ်းဆီးရမိခဲ့ပါတယ်။
ဆက်လက်၍ နိုဝင်ဘာလ ၇ ရက် နေ့လည်ပိုင်းတွင် ဆိပ်ကြီးခနောင်တိုဆိပ်ကမ်း၌လွန်းတင်ထားသော မူးယစ်ဆေးဝါးများ သယ်ဆောင်ရာတွင် အသုံးပြုသည့် “MV ရွှေဝတီ”ကုန်တင်သင်္ဘော ၁ စီးအား လည်းကောင်း၊ ညပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ မူးယစ်ဆေးဝါးများအားပုသိမ်မြို့မှ မလေးရှားနိုင်ငံသို့ ပို့ဆောင်ခိုင်းသူ “ဘောဇဝတီ” ဆန်လုပ်ငန်းနှင့် “ Utopia Future ”အိမ်ခြံမြေရောင်းဝယ်ရေးလုပ်ငန်းတို့အား ဟန်ပြလုပ်ကိုင်နေသော တရားခံ မောင်ငယ် အားလည်းကောင်း၊နိုဝင်ဘာလ ၈ ရက်နေ့ ညနေပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ရွှေသောင်ယံမြို့၊ အမှတ်(၂)ရပ်ကွက်၊အင်ကြင်းလမ်း၌ မူးယစ်ဆေးဝါးပို့ဆောင်ရာတွင်ပါဝင်ခဲ့သူ လှေလုပ်သား အောင်စိုးလင်း နှင့်အောင်ကိုလင်း တို့ ညီအစ်ကို ၂ ဦးအား လည်းကောင်း၊ နိုဝင်ဘာလ ၉ ရက်နေ့ ညနေပိုင်းတွင်မြိတ်မြို့၊ နောက်လယ်ရပ်ကွက်၊ ပိတောက်ရွှေဝါလမ်းရှိ “ဘောဇဝတီ”ဆန်ဆိုင်အနီးတွင် တရားခံထွန်းထွန်းလင်း အား လည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။
ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ သတင်းဖော်ထုတ်ချက်အရ နိုဝင်ဘာလ ၁၁ ရက်နေ့နေ့လည်ပိုင်းတွင် မူးယစ်ဆေးဝါးများပို့ဆောင်ရန် စေခိုင်းသူ ကွင်းဆက်တရားခံ အားဝေ(ခ)ရှောက်ထန်(ခ)သန်းမောင်(ဖမ်းဆီးရန်ကျန်)၏ အိမ်အမှတ်(၉/၄၇၀)၊ ရတနာလမ်းသွယ်(၈)၊ ဝမ်ကောင်းရပ်ကွက်၊တာချီလိတ်မြို့ နေအိမ်အား သွားရောက်ရှာဖွေရာ နေအိမ်အတွင်းမှ အမေရိကန်နိုင်ငံထုတ် M-4,A-1သေနတ်(၁)လက်၊ ၎င်းကျည်အိမ် ၂ ခု၊ ၅.၅၆ ကျည် ၂၆ တောင့်၊ အီတလီနိုင်ငံထုတ် BERETTA အမျိုးအစား ပစ္စတို(၁)လက်၊ ၎င်းကျည်အိမ် ၁ ခု ၊ အမေရိကန်နိုင်ငံထုတ် SIG SAUER အမျိုးအစားပစ္စတို(၁)လက်၊ ၎င်းကျည်အိမ် ၂ ခု တို့အားလည်းကောင်း၊ နိုဝင်ဘာလ ၁၆ ရက်တွင် ကျောင်းကုန်းမြို့နယ်၊ (၁)ရပ်ကွက်၊ ဌာနလမ်း၌ တရားခံ ဒိုရာမော့စ် နှင့် ပုသိမ်မြို့၊ (၃)ရပ်ကွက်၊မြကျွန်းသာအိမ်ရာရှိ ရွှေမင်းသမီးဟိုတယ်၌ တရားခံ ပီတာဖိုး တို့ ၂ ဦးအား ထပ်မံဖမ်းဆီးရမိခဲ့သဖြင့်ဖြစ်စဉ်တွင် တရားခံ ကျား ၂၄ ဦး၊ M-4,A-1 သေနတ်(၁)လက်၊ ပစ္စတို(၂) လက်၊ ကုန်တင်သင်္ဘော ၂စီးတို့အား ဖမ်းဆီးရမိ ခဲ့ကြောင်း သိရပါတယ်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်များအရ တာချီလိတ်မြို့ နေ အားဝေ(ခ)ရှောက်ထန်(ခ)သန်းမောင်(ဖမ်းဆီးရန်ကျန်)နှင့် ဝမ်ဟိုင်းကျေးရွာနေ တာကော(ဖမ်းဆီးရန်ကျန်)တို့မှ လွိုင်လင်ခရိုင်၊ကျေးသီးမြို့နယ်၊ ဝမ်ဟိုင်းဒေသမှထွက်ရှိသည့် မူးယစ်ဆေးဝါးများအား ဆီဘောက်ဆာယာဉ်များတွင်မူးယစ်ဆေးဝါးသယ်ဆောင်ရန် သီးသန့်ပြုလုပ်ထားသည့် လျှို့ ဝှက်အကန့်များအတွင်း၌ လည်းကောင်း၊ကုန်တင်ယာဉ်များတွင် အခြားသောကုန်ပစ္စည်းများနှင့် ရောနှောပုံဖျက်၍လည်းကောင်း နည်းလမ်းမျိုးစုံဖြင့် ပုသိမ်မြို့ သို့ ပို့ဆောင်ပေးခဲ့ရာ ပုသိမ်မြို့ ရှိ မောင်ငယ် ပိုင်ဆိုင်သည့် ကမ်းနားလမ်း၊ဂိုဒေါင်အမှတ်(၁၉)၌ ခေတ္တထိန်းသိမ်းသိုဝှက်၍ မောင်ငယ် နှင့်အဖွဲ့မှ မလေးရှားနိုင်ငံသို့ လည်း ကောင်း၊AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့၏ ထောက်ပံ့ရေးတာဝန်ခံ ခင်ထွန်း နှင့်အဖွဲ့မှ ရခိုင်ပြည်နယ်သို့လည်းကောင်း ပို့ဆောင်ရန် စီစဉ်လျက်ရှိစဉ် ဖော်ထုတ်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါတယ်။
သို့ဖြစ်ပါ၍ ဖမ်းဆီးရမိတရားခံများအား ဥပဒေအရထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း၊ ဖမ်းဆီးရန်ကျန်တရားခံများနှင့်ဆက်စပ်တရားခံများအား ဖမ်းဆီးဖော်ထုတ်နိုင်ရေးဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းနှင့် မူးယစ်ဆေးဝါး သယ်ဆောင်သည့် သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ ဝှက်စွာသတင်းပေးတိုင် ကြားနိုင်ကြောင်း၊ သတင်းပေးသူနှင့်ပူးပေါင်းပါဝင်ဖမ်းဆီးပေးသူများအား ထိုက်တန်စွာလျှို့ ဝှက်၍ ဆုငွေများချီးမြှင့် ပေးမည်ဖြစ်ကြောင်း အသိပေးသတင်းထုတ်ပြန်ထားပါတယ်။
#Myanmagon