
ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေ ကုန်စည်များဆိုင်ရာဘုံရန်ပုံငွေအဖွဲ့၏ (၃၇) ကြိမ်မြောက် အုပ်ချုပ်မှုကောင်စီဆိုင်ရာ အစည်းအဝေးသို့တက်ရောက်
နေပြည်တော် ဒီဇင်ဘာ ၁၂
CFC ၏ Managing Director Dr. Sheikh Mohammed Belal ၏ ဖိတ်ကြားချက်အရ CFC ဆိုင်ရာ မြန်မာနိုင်ငံ၏ Governor ဖြစ်သူ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေသည် နယ်သာလန်နိုင်ငံ သည်ဟိဂ် မြို့၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်က Hybrid စနစ်ဖြင့် ကျင်းပပြုလုပ်သော ကုန်စည်များဆိုင်ရာဘုံရန်ပုံငွေအဖွဲ့ (Common Fund for Commodities-CFC) ၏ (၃၇) ကြိမ်မြောက် အုပ်ချုပ်မှုကောင်စီအစည်းအဝေးသို့ အွန်လိုင်းဖြင့် တက်ရောက်၍ မြန်မာနိုင်ငံကိုယ်စားပြု National State-ment ပြောကြားပါတယ်။
ပြည်ထောင်စု ဝန်ကြီးက National Statement ပြောကြားရာတွင် မြန်မာနိုင်ငံသည် စိုက်ပျိုး ရေး အခြေခံနိုင်ငံတစ်နိုင်ငံဖြစ်ပြီး ၁၉၉၉ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ CFC မှထောက်ပံ့ပေးသည့် ချေးငွေ ဖြင့် ရော်ဘာ၊ နို့ထွက်ပစ္စည်းနှင့် အသား၊ ဟင်းသီးဟင်းရွက်၊ ဝါး၊ ငါးလုပ်ငန်းနှင့် သဘာဝမြေသြဇာထုတ်လုပ်ရေး စီမံကိန်းများအား အခြားအာရှပစိဖိတ်နိုင်ငံ ၁၁ နိုင်ငံနှင့်အတူ ပူးပေါင်းဆောင်ရွက်နိုင် ခဲ့ပြီး အကျိုးကျေးဇူးများစွာ ရရှိခဲ့ သည့်အတွက် CFC ကို ကျေးဇူးတင်ရှိကြောင်း၊ အနာဂတ်ကာလတွင်လည်း မြန်မာနိုင်ငံ၏ စိုက်ပျိုးရေး၊ သစ်တော၊ ငါးလုပ်ငန်း၊ SMEs လုပ်ငန်းများ၊ တန်ဖိုးမြှင့်ထုတ်လုပ် မှုလုပ်ငန်းများ၊ ရာသီဥတုဒဏ်ခံနိုင်သော စိုက်ပျိုးရေးနှင့် စျေးကွက်ဝင်ရောက်ခွင့်အစရှိသည့် ကဏ္ဍစုံတို့တွင် CFC နှင့် ပိုမိုနီးကပ်စွာ လက်တွဲလုပ်ဆောင်သွားရန် မျှော်လင့်ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ခေတ်မီပြီး ရေရှည်တည်တံ့သော စိုက်ပျိုးရေးနည်းလမ်းများ၊ ရာသီဥတုဒဏ်ခံနိုင်သော နည်းပညာများ၊ ကာဗွန်နည်းပါးသော စိုက်ပျိုးရေး၊ ဒစ်ဂျစ်တယ် သတင်းအချက်အလက်စနစ်များနှင့် အန္တရာယ်စီမံခန့်ခွဲရေးလုပ်ငန်းများတွင် စိတ်ဝင်စားမှုရှိကြောင်း၊ CFC က နှစ်စဉ်ထောက်ပံ့ပေးနေသည့် စီမံကိန်းများကိုလည်း မိမိတို့အနေဖြင့် ရယူလိုကြောင်းနှင့် CFC ၏ ၂၀၂၅-၂၀၃၅ မဟာဗျူဟာမူဘောင်ကို ထောက်ခံကြောင်းပြောကြားပါတယ်။
(၃၇) ကြိမ်မြောက် အစည်းအဝေးသို့ အဖွဲ့ဝင်နိုင်ငံ ၁၀၁ နိုင်ငံ၏ ကိုယ်စားလှယ်များ၊ ပုဂ္ဂလိကအသင်းအဖွဲ့များ၊ မူဝါဒချမှတ်သူများ၊ ဖွံ့ဖြိုးရေးကျွမ်းကျင်ပညာရှင်များ၊ သုတေသီများ၊ ဖွံ့ဖြိုးမှုမိတ်ဖက်များနှင့် လေ့လာသူနိုင်ငံများမှ ကိုယ်စားလှယ်များ Hybrid စနစ်ဖြင့် တက်ရောက်ခဲ့ကြပြီး နိုင်ငံပေါင်း ၃၆ နိုင်ငံ၏ Governor များက National Statement ပြောကြားခဲ့ကြောင်းနှင့် ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်သံရုံး၏ သံမှူးကြီး ဦးသန့်စင်ဦး ဦးဆောင် သောအဖွဲ့လည်း တက်ရောက်ခဲ့ကြကြောင်းသိရပါတယ်။
#Myanmagon(Sn)