ပါတီက ထုတ်ပြန်ထားတဲ့ ရွေးကောက်ပွဲ ကတိကဝတ်တွေကို အကောင်အထည်ဖော်နိုင်တဲ့လူတွေကို ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ထား
မြန်မာ့ဂုဏ်၊ ၂၀၂၅ ဒီဇင်ဘာ ၂၀
ပါတီက ထုတ်ပြန်ထားတဲ့ ရွေးကောက်ပွဲ ကတိကဝတ်တွေကို အကောင်အထည်ဖော်နိုင်တဲ့လူတွေကို ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ထားတယ်လို့ ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသောင်းအေး က ပြောပါတယ်။
ဒီကနေ့ မွန်းလွဲပိုင်းက ပျော်ဘွယ်မြို့နယ်၊ အေးသာယာကျေးရွာရှိ မဲဆန္ဒရှင်ပြည်သူတွေနဲ့ တွေ့ဆုံရာမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသောင်းအေး က အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။
” ဘယ်လို အရည်အချင်းတွေ ရွေးပေးလိုက်လဲ။ ခုနက အလုပ်တွေကို အကောင်အထည် ဖော်နိုင်တဲ့ လူတွေကို ကျွန်တော်တို့က စိစစ်ရွေးချယ်ပေးထားတာ။ မြို့နယ်အဆင့် ခရိုင်အဆင့် တိုင်းအဆင့် ဘုတ်အဖွဲ့တွေနဲ့ တိုင်ပင်ဆွေးနွေးရွေးချယ်ပြီးမှ ကျွန်တော်တို့ ဗဟိုကို ရောက်လာတယ်။ ဗဟိုရောက်လာတော့မှ ဒီနေရာမှာ ဒီလူကို ရွေးချယ်ခံ ဆိုပြီး ဒီလိုလုပ်တယ်။ သတ်မှတ်ထားတဲ့ လုပ်ငန်းစဉ်တွေကို လုပ်နိုင်တဲ့လူတွေကို အနီးစပ်ဆုံး ရွေးချယ်ထားတယ်လို့ ပြောချင်တာပါ” လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသောင်းအေး က ပြောပါတယ်။
ပါတီက ထုတ်ပြန်ထားတဲ့ ရွေးကောက်ပွဲကြေညာစာတမ်းပါ ပြည်သူလူထုအတွက် လုပ်ဆောင်ပေးမယ့် ကတိကဝတ်တွေကို အကောင်အထည်ဖော်ဖို့အတွက် လွှတ်တော်အသီးသီးမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း တစ်ထောင်ကျော်ကို ရွေးချယ်ထားတယ်လို့လည်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသောင်းအေး က ပြောပါတယ်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသောင်းအေး က ” ကျွန်တော်တို့ ပြည်သူတွေအတွက် လိုအပ်ချက်တွေကို ကျွန်တော်တို့ ကတိကဝတ်အနေနဲ့ ဘာတွေ လုပ်ပေးမယ်ဆိုတာ ထုတ်ပြန်ကြေငြာထားပြီး ဖြစ်တယ်။ အဲ့ဒီ ကြေငြာထားတဲ့ အလုပ်တွေကို လုပ်နိုင်တဲ့ လူတွေကိုပဲ ကျွန်တော်တို့က ရွေးထားတာပါ။ ဒီလူတွေက ကျွန်တော်တို့ စံကိုက်ပြီးတော့ ရွေးထားတာ။ ပြောရမယ်ဆိုရင်တော့ အဲ့ဒီလို ရွေးထားတာ ဖြစ်တဲ့အတွက် ပြည်ခိုင်ဖြိုးပါတီ အားပေးတဲ့ ရွာတွေအနေနဲ့လည်း ပိုပြီးတော့ ဂုဏ်တက်အောင်ပေါ့၊ အဲ့ဒီ ကိုယ်စားလှယ်တွေကို ကျွန်တော် အာမခံပါတယ်။ ယုံယုံကြည်ကြည်နဲ့ မဲပေးနိုင်ပါတယ်လို့ ကျွန်တော် ပြောချင်ပါတယ်” လို့ ပြောပါတယ်။
လက်ရှိမှာ မိဘပြည်သူတွေ ခံစားနေရတဲ့ ကိစ္စရပ်တွေ ပြေလည်ဖို့အတွက် ပြည်ခိုင်ဖြိုးပါတီက နည်းလမ်းတွေ ရှာကြံထားပြီး အဆိုပါ နည်းလေးတွေကို အကောင်အထည်ဖော်မယ့်သူတွေကိုလည်း ရွေးထားပြီးသား ဖြစ်တာကြောင့် ယုံယုံကြည်ကြည်နဲ့ မဲပေးနိုင်တယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသောင်းအေး က ပြောပါတယ်။
Myanmagon(Teams)



















