





























ပဲခူးမြို့၌ ၂၀၂၅-၂၀၂၆ ခုနှစ် ပညာရေးစုံညီပွဲတော် ကျင်းပပြုလုပ်
မြန်မာ့ဂုဏ် ဇန်နဝါရီ ၇
ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဇန်နဝါရီလ(၇)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၅-၂၀၂၆ ခုနှစ် ပညာရေး စုံညီပွဲတော်အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက် တို့ တက်ရောက်ခဲ့ကြပါတယ်။
ရှေးဦးစွာ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် အခမ်းအနားအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ညီလျန်းချိုနှင့် လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပြီး အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများက”စုံညီပွဲတော်ဒို့နွဲပျော်” သီချင်း ဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပါတယ်။
ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတစ်ခု ဒေသတစ်ခု ဖွံ့ဖြိုးတိုးတက်ဖို့ ပညာရေးကဏ္ဍသည် အလွန်အရေးကြီးပြီး ကျောင်းသား/သူများကို တီထွင်ဖန်တီးတတ်သူများ၊ တာဝန်ယူ တာဝန်ခံတတ်သူများ၊ ပူးပေါင်းဆောင်ရွက်တတ်သူများ၊ ပြည်သူ့နီတိကို နားလည်ပြီး ဘဝတွင် ကြုံတွေ့လာ နိုင်သည့် အခက်အခဲများကို ဖြေရှင်းနိုင်သော အရည်အသွေးပြည့်ဝသည့် လူချွန်လူကောင်းများဖြစ်စေရေး ဝိုင်းဝန်းပြုစု ပျိုးထောင်ပေးသွားရမှာဖြစ်ကြောင်း၊ ကျောင်းနေအရွယ်ကလေးတိုင်း အခမဲ့ပညာရေးစနစ်ဖြင့် ကျောင်းနေနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိသလို အခက်အခဲအမျိုးမျိုးကြောင့် စာသင်ကျောင်းသို့ မလာရောက် နိုင်သည့် ကလေးများအတွက် ၂၀၂၄ – ၂၀၂၅ ခုနှစ်မှစ၍ ကျောင်းပြင်ပညာသင်ကြားရေးစနစ်ကို အကောင် အထည်ဖော်ပေးနိုင်ခဲ့ကြောင်း၊ မျက်မှောက်ခေတ်ကာလ၏ လူ့အဖွဲ့အစည်းကို ပညာကလွှမ်းမိုးသောခေတ်ဖြစ် သည့်အတွက် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ကြီး တည်ဆောက်ရာတွင် ထူးချွန်ထက်မြက်သော လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည့် လိုအပ်သဖြင့် ယခုလိုအခမ်းအနားကျင်းပ၍ ထူးချွန်ထက်မြက်သော ကျောင်းသား/သူများကို ချီးမြောက်ပေးရခြင်းဖြစ်ကြောင်းနှင့် အနာဂတ်နိုင်ငံတော်၏ ပညာရေးကဏ္ဍဖွံ့ဖြိုးတိုး တက်စေရေး၊ တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားစေရေး အားလုံးဝိုင်းဝန်းကြိုးစား ဆောင်ရွက်သွားကြစေ လိုကြောင်း ပြောကြားခဲ့ပါတယ်။
ထို့နောက် ဗဟိုအဆင့်ဆုရရှိသူများအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့က ဂုဏ်ပြုမှတ်တမ်းနှင့် ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်ခဲ့ကြပြီး အစိုးရအဖွဲ့ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ထူးချွန်ဆုရရှိသူများအား ဆုများအသီးသီး ချီးမြှင့် ပေးအပ်ခဲ့ကြပါတယ်။
ဆက်လက်၍ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ကျောင်းသား/သူများက (ရွှေမြန်မာသီချင်း)ဖြင့်လည်းကောင်း၊ အထက-မြို့အနောက်(ခ)ကျောင်းမှ ကျောင်းသား၊ကျောင်းသူများက “ပြည်ထောင်စုကြီးထာဝရတည်တံ့စေသား”သီချင်းဖြင့်လည်းကောင်း၊ အထက(၈)ပဲခူးမှ ကျောင်းသား/ကျောင်းသူများက “အလှကမ္ဘာမြေ”သီချင်းဖြင့်လည်းကောင်း၊ အထက(၃)ပဲခူးမှ ကျောင်းသား၊ကျောင်းသူများက “အဖြူရောင်သံစဉ်”သီချင်းဖြင့်လည်းကောင်း၊ အထက(၂)ပဲခူးမှ ကျောင်းသား၊ကျောင်းသူများက “ပြည်ထောင်စုသွေး”သီချင်းဖြင့်လည်းကောင်း၊ အထက(၇)ပဲခူးမှ ကျောင်းသား၊ကျောင်းသူများက “အင်းလေးတိုက်တေး”သီချင်းဖြင့်လည်းကောင်း၊ အထက(၉)ပဲခူးမှ ကျောင်းသား၊ကျောင်းသူများက “မွန်တို့သဘင်ပွဲ”သီချင်းဖြင့်လည်းကောင်း၊ အထက(၁၀)ပဲခူးမှ ကျောင်းသား၊ကျောင်းသူများက “ထာဝရမြန်မာ”သီးချင်းဖြင့်လည်းကောင်း အသီးသီးဖျော်ဖြေတင်ဆက်ခဲ့ကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီးတို့က ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် ကျောင်းသား/သူများအား ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ခဲ့ပြီး ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် အထိမ်းအမှတ်ပြခန်းအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်းသိရပါတယ်။
Myanmagon(SN)
Photos by Tinsoe(Bago)