




မြန်မာ့ဂုဏ် စက်တင်ဘာ ၂၆
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့ နံနက်ပိုင်းက ပဲခူးတိုင်း (အနောက်ခြမ်း) စားရေရိက္ခာဖူလုံစေရေး ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပါတယ်။
တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ပေါင်းတည်မြို့နယ်၊ ကြူတောကန်ကျေးရွာအုပ်စု၌ (YAR-14)စပါး မျိုးစေ့ထုတ်စိုက်ခင်း အောင်မြင် ဖြစ်ထွန်းနေမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး ဒေသခံမိုးစပါးစိုက်တောင်သူများနှင့်တွေ့ဆုံ၍ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ဒေသခံတောင်သူများအတွက် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး ရေ မြေ သဘာဝနှင့်ကိုက်ညီပြီး ပန်းတိုင်အထွက်နှုန်းရရှိသည့် မျိုးကောင်းမျိုးသန့်များကို ထုတ်လုပ်ပေးလျက် ရှိရာ တောင်သူများအနေဖြင့် မိမိတို့၏ ရေမြေသဘာဝနှင့်ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်များကို မဖြစ် မနေ ပြောင်းလဲစိုက်ပျိုးသွားရမှာဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ဒေသတွင်း သဲဆန်ကုန်းကြောမြေ ဧရိယာများအတွက် YAR-14 စပါးမျိုး လုံလောက်စွာဖြန့်ဖြူးပေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပါတယ်။
တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများအားသည် နတ်တလင်းမြို့၊ ရွှေလင်း ခန်းမ ဘက်စုံပြုပြင်မွမ်းမံနေမှုအား ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါတယ်။
၎င်းနောက် ကြံခတ်ဝါးရုံကျေးရွာ အုပ်စု၌ ရေဆင်းပေါ်ဆန်း(၁)နှင့် ရေဆင်းပေါ်ဆန်း(၂) စမ်းသပ်စိုက်ပျိုးအောင်မြင်နေမှုအား ကွင်းဆင်း ကြည့်ရှုအားပေးခဲ့ပြီး မိုးစပါးစိုက်တောင်သူများနှင့်တွေ့ဆုံ၍ ယခုစမ်းသပ်စိုက်ပျိုးသည့် စပါးမျိုးသည် ရာသီမရွေးစိုက်ပျိုးနိုင်ပြီး ပန်းတိုင်အထွက်နှုန်းကျော်လွန်သည့် ဈေးကွက်မြင့်မားသည့် စပါးမျိုးဖြစ်၍ ကျယ်ကျယ်ပြန့်ပြန့်စိုက်ပျိုးသွားရန်၊ စိုက်ပျိုးရေးဦးစီးဌာနမှ သတ်မှတ်ထားသည့် စိုက်ပျိုးနည်းစနစ်များ ကိုလည်း သိရှိလိုက်နာဆောင်ရွက်သွားရန်၊ စိုက်ပျိုးသီးနှံများတွင် တွင် ပိုးသတ်ဆေးဓာတ်ကြွင်း နိုင်ငံတကာသတ်မှတ်ချက်နှင့်အညီ ပါဝင်မှုမများစေရေး ပိုးသတ်ဆေးများအား အလွန်အကျွံသုံးစွဲမှုမပြုလုပ်ရန်နှင့် မှန်ကန်သောပိုးသတ်ဆေး၊ မှန်ကန်သောနှုန်းထား၊ မှန်ကန်သောအချိန်၊ မှန်ကန်သောနေရာ၊ မှန်ကန်သောပတ်ဝန်းကျင်အခြေအနေ နှင့် မှန်ကန်သော အသိ၊သတိဖြင့် ပိုးသတ်ဆေးအား သုံးစွဲရန် အသိပညာပေးပြောကြားခဲ့ပြီး သွင်းအားစု များ ချီးမြှင့်ပေးအပ်ခဲ့ပါတယ်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဇီးကုန်းမြို့နယ်၊ ဝက်စပိုးကျေးရွာ အုပ်စု၌ တစ်ကွင်းတစ်ဆက်တည်း မှော်ဘီ(၃) မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းများ မျိုးကွဲပယ်နေမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး ဒေသတွင်း မျိုးကောင်းမျိုးသန့်ရရှိမှသာ ပန်းတိုင်အထွက်နှုန်းရရှိပြီး ခိုင်မာသည့်ဈေးကွက်ရရှိနိုင်မှာဖြစ်၍ တောင်သူကိုယ်တိုင် မျိုးကောင်းမျိုးသန့်များ ကျယ်ကျယ်ပြန့်ပြန့် ထုတ်လုပ်သုံးစွဲနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရပါတယ်။
#Myanmagon