
မြန်မာဂုဏ် ၊ စက်တင်ဘာ ၁၅
ရာဂီမုန်တိုင်းကြောင့် ရေဝင်ရောက်မှု များပြားကာ အထက်ပေါင်းလောင်းရေအားလျှပ်စစ်စက်ရုံမှာ ၇၀ မဂ္ဂါဝပ် (၂)လုံး ပျက်စီးမှုများ ရှိခဲ့ရာမှာ လက်ရှိအချိန်မှာတော့ အမှတ် (၁) ဓါတ်အားပေးစက် ၇၀ မဂ္ဂါဝပ် မှာ ပြန်လည်စမ်းသပ်အသုံးပြုမှု ပြုလုပ်နေပြီး အမှတ်(၂) ဓါတ်အားပေးစက် ၇၀ မဂ္ဂါဝပ် မှာ စမ်းသပ်လည်ပတ်နိုင်ခြင်းမရှိသေးပေ။
အထက်ပေါင်းလောင်း ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသည် ဓာတ်အားပေးစက် ၇၀ မဂ္ဂါဝပ် နှစ်လုံးဖြင့် စုစုပေါင်း ၁၄၀ မဂ္ဂါဝပ်ကို ၂၃၀ ကေဗွီ အထက် ပေါင်းလောင်း-နန်ချို ဓာတ်အားလိုင်းဖြင့် နိုင်ငံတော်ဓာတ်အား စနစ်အတွင်းသို့ တစ်နှစ်လျှင် လျှပ်စစ်ဓာတ်အား ၄၅၄ ကီလိုဝပ် နာရီသန်းခန့် ထုတ်လုပ်ပေးလျက်ရှိရာ ရာဂီမုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်း၍ ထူးကဲစွာရေဝင်ရောက်မှုကြောင့် ဓာတ်အားပေးစက်ရုံ အဆောက်အအုံအတွင်း ဓာတ်အားပေးစက် အစိတ်အပိုင်းများ တပ်ဆင်ထားသည့် စက်ရုံမြေအောက်ထပ်များ အားလုံးရေဝင်နစ်မြုပ်ခဲ့သည့်အတွက် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သဖြင့် ဓာတ်အားထုတ်လုပ်မှုများ ရပ်နားခဲ့ရတာ ဖြစ်ပါတယ်။
စက်တင်ဘာ ၁၃ ရက်က လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဒုတိယဝန်ကြီး ဦးအေးကျော်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ရာဂီမုန်တိုင်းကြောင့် ရေဝင်နစ်မြုပ်ခဲ့သည့် အထက်ပေါင်းလောင်း ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံရှိ ဓာတ်အားပေးစက် နှစ်လုံးအနက် အမှတ်(၁) ဓာတ်အားပေးစက် ပြန်လည်ပြုပြင်ပြီး စမ်းသပ်မောင်းနှင်လည်ပတ်နေမှုနှင့် အမှတ်(၂) ဓာတ်အားပေးစက် ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
ဝန်ထမ်းများအနေဖြင့် လက်ရှိအချိန်တွင် နိုင်ငံခြားသား ပညာရှင်များနှင့် တွဲဖက်၍ ဓာတ်အားပေးစက်များ ပြုပြင်ခြင်းလုပ်ငန်းများနှင့် ဓာတ်အားထုတ်လုပ် မောင်းနှင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်နေရသော်လည်း မိမိတို့ဝန်ထမ်းများဖြင့် ဆောင်ရွက်ရန် လိုအပ်လာပါက ပြုပြင်ထိန်းသိမ်းမောင်းနှင် နိုင်ရန်အတွက် ယခုအချိန်ကတည်းက ကျွမ်းကျင်မှုရှိစေရေး နည်းပညာဆိုင်ရာ အတွေ့အကြုံများရယူ၍ လေ့လာဆည်းပူးထားရန် နဲ့ တမံအတွင်း ရေဝင်ရောက်မှု၊ နုန်းမြေဝင်ရောက်မှု၊ ရေသိုလှောင်ထားရှိမှု၊ တမံကြံ့ခိုင်မှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး တမံကြံ့ခိုင်မှုအခြေအနေကို စဉ်ဆက်မပြတ် စောင့်ကြပ်ကြည့်ရှုစစ်ဆေးသွားရန်နှင့် တမံလုံခြုံရေး ဂရုပြုဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့တယ်လို့ သိရပါတယ်။
လက်ရှိတွင် ပြန်လည်ပြုပြင် တည်ဆောက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ အမှတ်(၁) ဓာတ်အားပေးစက် ၇၀ မဂ္ဂါဝပ်ကို ပြန်လည်ပြုပြင်ပြီးဖြစ်သဖြင့် စမ်းသပ်မောင်းနှင် လည်ပတ်လျက်ရှိပြီး အမှတ်(၂) ဓာတ်အားပေးစက် ၇၀ မဂ္ဂါဝပ်ကိုလည်း အမြန်ဆုံးစမ်းသပ်မောင်းနှင် လည်ပတ်ပြီး ဓာတ်အားထုတ်လုပ်နိုင်ရေး ပြုပြင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။