မြန်မာ့ဂုဏ် စက်တင်ဘာ ၂၀
ကိုရီးယားသမ္မတနိုင်ငံ SDG group inc နှင့် မြန်မာနိုင်ငံ MCS group Co.,Ltd တို့မှ ဆေးနှင့် ဆေးပစ္စည်းများ ပူးပေါင်းလှူဒါန်းပွဲကို ယမန်နေ့နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါတယ်။
လှူဒါန်းပွဲတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းက ကိုရီးယားနိုင်ငံ SDG group inc နှင့် မြန်မာနိုင်ငံ MCS group Co.,ltd တို့မှ ပူးပေါင်းလှူဒါန်းသော အမေရိကန်ဒေါ်လာ ၂ ဒသမ ၇ သန်းခန့်တန်ဖိုးရှိသည့် ဆေးဝါးနှင့် ဆေးပစ္စည်းများကို ကျန်းမာရေးဝန်ကြီးဌာနမှ ဇူလိုင်လအတွင်းက လက်ခံရရှိခဲ့ပြီး ငလျင်ဘေးသင့်ဒေသများရှိ ကယ်ဆယ်ရေးလုပ်ငန်းများတွင် ထိရောက်အကျိုးရှိစွာ အသုံးပြုနိုင်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံနှင့် ကိုရီးယားနိုင်ငံတို့အကြား ကျန်းမာရေးကဏ္ဍပူးပေါင်းဆောင်ရွက်မှုသည် ဆယ်စုနှစ်ချီ၍ ရှိခဲ့ပြီဖြစ်ပါကြောင်း၊ နှစ်စဉ်ကိုရီးယားနိုင်ငံမှ အထူးကုဆရာဝန်များ လာရောက်ပြီး အသည်းအစားထိုးကုသမှုများ၊ သွားနှင့် ခံတွင်း၊ မေးရိုးဆိုင်ရာခွဲစိတ်ကုသမှုများကို ကျန်းမာရေးဝန်ကြီးဌာနရှိ အထူးကုဆရာဝန်ကြီးများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆက်လက်၍ ကျန်းမာရေးကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုပြုလုပ်သွားရန် တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့ပါတယ်။
ထို့နောက် SDG group မှ Chairman မစ္စတာ ဆောင်ဒေကွမ်းက လှူဒါန်းမှုနှင့် စပ်လျဉ်း၍ ပြောကြားပြီး ပြည်ထောင်စုဝန်ကြီးက SDG group inc ဥက္ကဋ္ဌနှင့်အဖွဲ့အား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ပါတယ်။
အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ SDG group မှ ကိုယ်စားလှယ်များ၊ MCS group မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါတယ်။
MyanmaGon

