
မြန်မာ့ဂုဏ် စက်တင်ဘာ ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီး၊ ပင်းတယ၊ ညောင်ရွှေမြို့နယ်အတွင်းရှိ ဆီထွက်သီးနှံ နေကြာစိုက် သမဝါယမအသင်းသားတောင်သူများသို့ သီးနှံပေါ်ပေးစနစ်ဖြင့် မျိုးနှင့်သွင်းအားစုပေးအပ်ပွဲကို ယမန်နေ့တွင် ညောင်ရွှေမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ကျင်းပခဲ့ပါတယ်။
အဆိုပါပေးအပ်ပွဲသို့ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ရှမ်းပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ တာဝန်ရှိသူများနှင့် အသင်းသားတောင်သူများ တက်ရောက်ကြပါတယ်။
ဦးစွာ သမဝါယမဦးစီးဌာန ပြည်နယ်ဦးစီးမှူးက ရှမ်းပြည်နယ်အတွင်း ဆီထွက်သီးနှံနေကြာ စိုက်ပျိုးသည့် သမဝါယမအသင်းသားတောင်သူများသို့ မျိုးနှင့် သွင်းအားစုများ ပံ့ပိုးပေးမည့်အခြေအနေကို ရှင်းလင်းတင်ပြပါတယ်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ပြည်တွင်း စားသုံးဆီဖူလုံရေးနှင့် ပြည်ပမှတင်သွင်းမှု လျှော့ချရန်အတွက် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးရန် လမ်းညွှန်ချက်နှင့်အညီ မိမိတို့ဝန်ကြီးဌာနရှိ သမဝါယမဦးစီးဌာနက သီးနှံပေါ်ပေးစနစ်ဖြင့် မျိုးနှင့် သွင်းအားစုများ ပံ့ပိုးလျက်ရှိပြီး ယခုအခမ်းအနားတွင် တောင်ကြီး၊ ပင်းတယ၊ ညောင်ရွှေမြို့နယ်တို့မှ နေကြာ စိုက်သမဝါယမအသင်း ၂၅ သင်း၏ စိုက်ဧက ၅၀၀၀ အတွက် တစ်ဧကလျှင် ငွေကျပ်သုံးသိန်းနှင့်ညီမျှသော မျိုးနှင့်သွင်းအားစုများ ပံ့ပိုးပေးမည်ဖြစ်ကြောင်း၊ ထွက်ရှိသောသီးနှံများ ဈေးကွက်ရရှိရေးနှင့် သမဝါယမချေးငွေများ၊ မြစိမ်းရောင် (ဆီထွက်သီးနှံ နေကြာ) စီမံကိန်းချေးငွေ၊ သက်တံ့ရောင်စီမံကိန်း ချေးငွေများကို သက်သာသောအတိုးနှုန်းဖြင့် မျိုးနှင့် သွင်းအားစုများ ပံ့ပိုးပေးလျက်ရှိကြောင်း ပြောကြား ပါတယ်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက သမဝါယမ အသင်းသားတောင်သူများ၏ လုပ်ငန်းလိုအပ်ချက်များ၊ ဒေသဖွံ့ဖြိုးရေးတင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးပြီး ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးတို့က တောင်ကြီး၊ ပင်းတယ၊ ညောင်ရွှေ မြို့နယ်အတွင်းရှိ နေကြာစိုက်သမဝါယမအသင်း ၂၅ သင်း၏ စိုက်ဧက ၅၀၀၀ အတွက် ငွေကျပ် သန်းပေါင်း ၁၅၀၀ တန်ဖိုးရှိ အထွက်တိုးမျိုးနှင့် သွင်းအားစုများကို ပေးအပ်ခဲ့ပါတယ်။
#Myanmagon