
မြန်မာ့ဂုဏ် စက်တင်ဘာ ၂၄
ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်ရှိ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းအောက်ရှိ ကမ်းလွန်ရေနံအခြေစိုက်စခန်း (သာကေတ)ကို လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်းသည် ယမန်နေ့နံနက်ပိုင်းတွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။
ကမ်းလွန်ရေနံအခြေစိုက်စခန်း (သာကေတ) အစည်းအဝေးခန်းမ၌ စွမ်းအင်ဝန်ကြီးဌာန ကမ်းလွန်ရေနံအခြေစိုက်စခန်း အထွေထွေမန်နေဂျာနှင့် တာဝန်ရှိသူများက ကုန်းတွင်းနှင့် ကမ်းလွန်ရေနံမြေများ၏ လက်ရှိဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများ၊ ရေနံတွင်းသစ်များ နေရာသတ်မှတ်နိုင်ရေး တိုင်းတာရရှိသော ဆိုက်စမစ်အချက်အလက်များကို ဘူမိရူပဆန်းစစ် အကဲဖြတ်ခြင်း ဆောင်ရွက်နေမှုနှင့် ကမ်းလွန်ရေနံအခြေစိုက်စခန်း၏ လုပ်ငန်းဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြကြပါတယ်။
ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက စွမ်းအင်ကဏ္ဍသည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသလို ပြည်သူများ၏ နေ့စဉ်လူနေမှုဘဝ အဆင့်အတန်းမြင့်မားရေးအတွက် များစွာအကျိုးသက်ရောက်မှုရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် စွမ်းအင်အရင်းအမြစ် အမျိုးမျိုးကို အသုံးပြုလျက်ရှိသော်လည်း နိုင်ငံတော်၏ စွမ်းအင်သုံးစွဲမှုအချိုး (Energy Mix)တွင် ရေနံနှင့် သဘာဝ ဓာတ်ငွေ့သည်အရေးပါသည့် အခန်းကဏ္ဍတွင် ရှိနေပါကြောင်း၊ ထို့အတူ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရေးအတွက် ရေအားနှင့် သဘာဝဓာတ်ငွေ့များကို အဓိကအသုံးပြုနေရပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် လျှပ်စစ်ဓာတ်အားလိုအပ်ချက် ပြည့်မီအောင် ဖြည့်ဆည်းပေးနိုင်ရေးအတွက် စွမ်းအင်ကဏ္ဍ၊ တစ်နည်းအားဖြင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး အလေးထား ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ ရတနာ၊ ဇောတိက၊ ရဲတံခွန်နှင့် ရွှေကမ်းလွန် သဘာဝဓာတ်ငွေ့ စီမံကိန်းကြီးလေးခုတို့မှ သဘာဝဓာတ်ငွေ့များ ထုတ်လုပ်၍ အိမ်နီးချင်းနိုင်ငံများသို့ တင်ပို့ရောင်းချခြင်းဖြင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေသည့်အပြင် ပြည်တွင်းသုံးအဖြစ် လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းလုပ်ငန်းများ၊ CNG သုံးမော်တော်ယာဉ်များ၊ စက်ရုံအလုပ်ရုံများအတွက်လည်း သဘာဝဓာတ်ငွေ့များ ဖြန့်ဖြူးပေးလျက်ရှိသဖြင့် နိုင်ငံတော်အတွက် လွန်စွာအရေးကြီးသည့် စီမံကိန်းကြီးများဖြစ်ပါကြောင်းပြောကြားပါတယ်။
#Myanmagon