
မြန်မာ့ဂုဏ် အောက်တိုဘာ ၄
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနဝန်ထမ်းမိသားစုများ၏ ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့နံနက် ၈ နာရီခွဲတွင် ပြည်ထောင်စုနယ်မြေနေပြည်တော် ဥတ္တရသီရိမြို့နယ် ဇဝနသိဒ္ဓိ ရပ်ကွက် ဓမ္မာရုံအနီး၌ ကျင်းပခဲ့ပါတယ်။
အခမ်းအနားသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့်ဇနီး၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ ဒုတိယဝန်ကြီး ဦးအေးထွန်း၏ ဇနီး၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦး နှင့်ဇနီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြပါတယ်။
ပြည်ထောင်စုဝန်ကြီးက လူဦးရေထူထပ် များပြားလာမှု၊ စိုက်ပျိုးမြေများ တိုးချဲ့လာမှုကြောင့် သစ်တောသစ်ပင်များပြုန်းတီးလာကြောင်း၊ သစ်တောသစ်ပင်များပြုန်းတီးမှုကြောင့် သဘာဝဘေးဒဏ်များဖြစ်သည့် ရေကြီးခြင်း၊ မြေပြိုခြင်း၊ အပူလွန်ကဲခြင်း၊ အအေးလွန်ကဲခြင်းစသည့် သဘာဝဘေးဒဏ်များခံစားရနိုင်သည့်အတွက် သဘာဝဘေးအန္တရာယ်များကိုလည်း အထိုက်အလျောက်ကာကွယ်နိုင်စေရန် သစ်ပင်များကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူ၍ စိုက်ပျိုးခြင်းဖြစ်ပါကြောင်း ပြောကြားပြီး ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး ဦးဆောင်သောအဖွဲ့က မန်ကျည်းပင်များ စိုက်ပျိုးကြပြီး ဝန်ထမ်းများက မန်ကျည်းပင် ၂၅၀ နှင့် တမာပင် ၅၀ စိုက်ပျိုးနေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရပါတယ်။
#Myanmagon