
မြန်မာ့ဂုဏ် အောက်တိုဘာ ၅
ဖိလစ်ပိုင်နိုင်ငံ စိုက်ပျိုးရေးဝန်ကြီးဌာန၏ ဖိတ်ကြားချက်အရ ဖိလစ်ပိုင်နိုင်ငံ မက်ထရိုမနီလာပါစေးမြို့တွင် အောက်တိုဘာ ၁ ရက်မှ ၃ ရက်အထိကျင်းပခဲ့သည့် (၄၇)ကြိမ်မြောက် အာဆီယံလယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့ပါတယ်။
အစည်းအဝေးများသို့ အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံ၊ တီမောလက်စတေနိုင်ငံ၊ အပေါင်းသုံးနိုင်ငံများဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံတို့မှ လယ်ယာစိုက်ပျိုး ရေးနှင့်သစ်တောဆိုင်ရာဝန်ကြီးများ၊ အဆင့်မြင့်အရာရှိကြီးများ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များပါဝင်တက်ရောက်ခဲ့တာဖြစ်ပါတယ်။
အောက်တိုဘာ ၁ ရက်တွင်ကျင်းပသည့် (၄၇) ကြိမ်မြောက် အာဆီယံလယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများ အစည်းအဝေးတွင် (၄၆)ကြိမ်မြောက် အာဆီယံလယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများ အစည်းအဝေး၏ သဘာပတိအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက တာဝန်ပြီးစီးမည့်ဥက္ကဋ္ဌအနေဖြင့် မိန့်ခွန်းပြောကြားရာတွင် မြန်မာနိုင်ငံနှင့် ဝန်ကြီးဌာနအပေါ် ယုံကြည်မှုအပြည့်အဝဖြင့် မြန်မာ နိုင်ငံမှ ဥက္ကဋ္ဌတာဝန်ယူစဉ်ကာလအတွင်း အာဆီယံစားရေရိက္ခာ၊ စိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ မူဝါဒများ၊ လမ်းညွှန်ချက်များနှင့် အကောင်းဆုံးလုပ်ထုံးလုပ်နည်းများ စသည့်လုပ်ငန်းစဉ် ၁၆ ခုကို လက်ခံ အတည်ပြုနိုင်ခဲ့ပြီး စားရေရိက္ခာ၊ စိုက်ပျိုးရေးနှင့် သစ်တောကဏ္ဍဆိုင်ရာ လုပ်ငန်းအစီအစဉ် (၂၀၂၆-၂၀၃၀) ကိုလည်း အပြီးသတ်ဆွေးနွေးခဲ့ပြီးဖြစ်သည့်အတွက် ဤအစည်းအဝေးတွင် အတည်ပြုသွားမည်ဖြစ်ကြောင်းနှင့် ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်မှုများတွင်လည်း သိသာထင်ရှားသည့် တိုးတက်မှုများရရှိခဲ့ပါကြောင်း၊ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် အရေးပေါ် အခြေအနေများအား ကူညီဖြေရှင်းပေးခြင်းနှင့် စားရေရိက္ခာဖူလုံမှုကဏ္ဍတွင် ပံ့ပိုးကူညီမှုများအတွက် တရုတ်၊ ဂျပန်နှင့် ကိုရီးယားသမ္မတနိုင်ငံ တို့ကိုလည်း ကျေးဇူးတင်ရှိကြောင်း၊
ဥက္ကဋ္ဌတာဝန် ဆက်လက်ထမ်းဆောင်မည့် ဖိလစ်ပိုင်နိုင်ငံ၏ ဦးဆောင်မှုအပေါ် ယုံကြည်မှုအပြည့်ဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံမှ ကိုယ်စားလှယ်များအားလုံး ပူးပေါင်း ဆောင်ရွက်ရေးနှင့် စည်းလုံးညီညွတ်မှုစိတ်ဓာတ်ဖြင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားရန် တိုက်တွန်းပါကြောင်း ပြောကြားခဲ့ပြီး သဘာပတိတာဝန်အား ဖိလစ်ပိုင်နိုင်ငံသို့ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။
#Myanmagon