မြန်မာ့ဂုဏ် အောက်တိုဘာ ၆
ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင်ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဘယ်လာရုစ်သမ္မတနိုင်ငံ မင့်စ်မြို့၌ စက်တင် ဘာ ၂၉ ရက်မှ အောက်တိုဘာ ၃ ရက်အထိ ကျင်းပသည့် မြန်မာ-ဘယ်လာရုစ် ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုပူးတွဲကော်မတီ၏ ဒုတိယအကြိမ်အစည်းအဝေးနှင့် ဘယ်လာရုစ် နိုင်ငံတကာစက်မှုပြပွဲ (International Industrial Exhibition “INNOPROM. Belarus”) သို့ တက်ရောက်ခဲ့ပါတယ်။
မြန်မာ-ဘယ်လာရုစ် ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုပူးတွဲကော်မတီ၏ ဒုတိယအကြိမ်အစည်းအဝေးကို အောက်တိုဘာ ၂ ရက်တွင် ဘယ်လာရုစ်နိုင်ငံခြားရေးဝန်ကြီးဌာန၌ ပူးတွဲဥက္ကဋ္ဌများဖြစ်ကြသည့် ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင်နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီးမစ္စတာမက်ဆင်း ရူဇန်ကော့ဗ်တို့က ဦးဆောင်ကျင်းပခဲ့တာဖြစ်ပါတယ်။
အစည်းအဝေးတွင် နိုင်ငံ့ခေါင်းဆောင်များ မတ်လအတွင်း တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးခဲ့သည့် စာချုပ်စာတမ်းများ အကောင်အထည်ဖော်ရေးကိစ္စရပ်များကိုလည်းကောင်း၊ လက်မှတ်ရေးထိုးပြီးဖြစ်သည့် ဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ရည်ရွယ်သည့်စာလွှာကို အခြေခံ၍ရေးဆွဲလျက်ရှိသည့် လမ်းပြမြေပုံ (၂၀၂၆-၂၀၂၈) အပြီးသတ်ရေးဆွဲရေး ကိစ္စရပ်များကိုလည်းကောင်း အသေးစိတ်ဆွေးနွေးခဲ့ပါတယ်။
ဆက်လက်၍ နှစ်နိုင်ငံ ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များ အရှိန်အဟုန်မြှင့်တင်နိုင်ရေးအတွက် အဆိုပါစာချုပ်စာတမ်းများနှင့် လမ်းပြမြေပုံတို့တွင် ပါဝင်သည့်ကဏ္ဍများဖြစ်သော စက်မှု၊ စိုက်ပျိုးရေးနှင့် အစားအစာ၊ ကျန်းမာရေးနှင့် ဆေးဝါး၊ ဘဏ်လုပ်ငန်းနှင့် ငွေကြေး၊ ပညာရေးနှင့် ခရီးသွားလုပ်ငန်း၊ စီးပွားရေးလုပ်ငန်းကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်မှုအလားအလာများနှင့် အခွင့်အလမ်းများကို ကဏ္ဍအလိုက် အပြန် အလှန်ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါတယ်။
ဆွေးနွေးမှုအပြီးတွင် ပူးတွဲဥက္ကဋ္ဌများက ဒုတိယအကြိမ် ပူးတွဲကော်မတီအစည်းအဝေး၏ ဆွေးနွေးမှုမှတ်တမ်းကို အတည်ပြုလဲလှယ်ခဲ့ကြပြီး ကော်မတီအစည်းအဝေးကျင်းပခြင်းနှင့်စပ်လျဉ်း၍ သတင်း ထုတ်ပြန်ခဲ့ကြပါတယ်။
#Myanmagon
