
မြန်မာ့ဂုဏ် အောက်တိုဘာ ၉
၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်မြင်ခဲ့သည့် စွမ်းအင်ဝန်ကြီးဌာနမှ ဝန်ထမ်းများ၏ သားသမီး ကျောင်းသား ကျောင်းသူများ ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ စွမ်းအင်ဝန်ကြီးဌာန ရတနာခန်းမ၌ ကျင်းပခဲ့ပါတယ်။
အခမ်းအနားသို့ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်နှင့်ဇနီး၊ ဒုတိယဝန်ကြီးနှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီးဌာနနှင့် လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ဂုဏ်ထူးရ ကျောင်းသား ကျောင်းသူများနှင့် ၎င်းတို့၏မိဘများ တက်ရောက်ကြပါတယ်။
ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုနှုတ်ခွန်း ဆက်စကားပြောကြားရာတွင် ယနေ့ထူးချွန်ဆုရရှိသည့် ကျောင်းသား ကျောင်းသူများသည် KG မှစ၍ အခြေခံပညာတန်းစဉ်များတွင် ကြိုးစားအားထုတ်ခဲ့မှုများ၏ အသီးအပွင့်များကို ခံစားကြရခြင်းပင်ဖြစ်ပါ ကြောင်း၊ ယခုကဲ့သို့ ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူများနှင့် သင်ကြားပြသ သွန်သင်ပံ့ပိုးပေးခဲ့ကြသည့် ဆရာ ဆရာမများ၊ မိဘများနှင့် ဝန်ကြီးဌာနမှ တာဝန်ရှိသူများကို အသိအမှတ်ပြု ချီးကျူးပါကြောင်း၊ “ယနေ့လူငယ် နောင်ဝယ်လူကြီး” ဟူသည့် ဆိုရိုးအတိုင်း ယနေ့ဂုဏ်ထူးရ ကျောင်းသား ကျောင်းသူ မျိုးဆက်သစ်လူငယ်များသည် အနာဂတ်တွင် နိုင်ငံတော်၏တာဝန်များကို ပခုံးပြောင်းတာဝန် ယူကြရမည်ဖြစ်သဖြင့် မိမိတို့သင်ကြားတတ်မြောက် လာသည့် အသိပညာ၊ အတတ်ပညာများဖြင့် နိုင်ငံ့အကျိုး၊ လောကအကျိုး၊ ဘာသာ သာသနာအကျိုးကို သယ်ပိုးနိုင်သည့် သားကောင်းရတနာ၊ သမီးကောင်း ရတနာများဖြစ်အောင် ဆက်လက်ကြိုးပမ်းဆောင်ရွက် ကြစေလိုပါကြောင်း ပြောကြားပါတယ်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများက ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ် ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ဂုဏ်ထူးရှင်များကို ဂုဏ်ပြုချီးမြှင့်ငွေ၊ ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။
#Myanmagon