







မြန်မာ့ဂုဏ် အောက်တိုဘာ ၁၆
နေပြည်တော်-ရန်ကုန်လမ်းမပိုင်း အမြန်လမ်းမကြီးမိုင်တိုင်အမှတ်(၁၈၃မိုင်၇ ဖာလုံ)နှင့်(၁၈၄)မိုင်အကြားတွင် ခရီးသည်တင်ယာဉ်တစ်စီး မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဖြစ်စဉ်မှာ အောက်တိုဘာ(၁၅)ရက်နေ့ ည(၁၁)နာရီခွဲအချိန်ခန့်က ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ် နေပြည်တော်-ရန်ကုန်လမ်းမပိုင်း အမြန်လမ်းမကြီးပေါ်၌ နေပြည်တော်ဘက်ကနေ ရန်ကုန်ဘက်ကို မောင်းနှင်လာတဲ့ တော်ဝင်မန္တလာ ခရီးသည်တင်ယာဉ်သည် မိုင်တိုင်အမှတ်(၁၈၃မိုင်၇ဖာလုံ)နဲ့ (၁၈၄)မိုင်အကြားအရောက် အင်ဂျင်အပူလွန်ကဲရာမှ ဝါယာရှော့ဖြစ်ကာ အင်ဂျင်ခန်းကစတင်ပြီးယာဉ်မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ပြောပါတယ်။
အဆိုပါယာဉ်ပေါ်၌ ယာဉ်မောင်းအပါအဝင် အမျိုးသား(၁၀)ဦး၊ အမျိုးသမီး(၅)ဦးလိုက်ပါလာပြီး ယာဉ်မီးလောင်မှုကြောင့် ယာဉ်မောင်းနဲ့ယာဉ်ပေါ်ပါသူတွေ ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ပေမယ့် ယာဉ်ကတော့ တစ်စီးလုံးမီးလောင်ကျွမ်းခဲ့ရာ အောက်တိုဘာ(၁၆ )ရက်နေ့(၀၀:၅၀)နာရီအချိန်ခန့်မှာမှ သာဂရအမြန်လမ်းမကြီး မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ်နှစ်စီးဖြင့် မီးငြိမ်းသတ်မှုကြောင့် မီးညွန့်ကျိုးကာ မီးလောင်ကျွမ်းမှုပြီးဆုံးခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် ယာဉ်တစ်စီးလုံးမီးလောင်ပျက်စီးကာ ခန့်မှန်းတန်ဖိုးကျပ်(၉၅၅)သိန်းခန့်ဆုံးရှုံးခဲ့ပြီး၊ မီးလောင်ကျွမ်းထားတဲ့ မော်တော်ယာဉ်ကို အမြန်လမ်း(ပြင်/ထိန်း)အဖွဲ့မှ ဘက်ဟိုးယာဉ်ဖြင့် လမ်းဘေးသို့သယ်ယူရွှေ့ပြောင်းပေးခဲ့ရာ မနက်(၀၁:၃၀)နာရီခန့်အချိန်မှာ ယာဉ်ကြောပြန်လည်ပွင့်ပြီး မော်တော်ယာဉ်တွေ ပုံမှန်လမ်းကြောင်းအတိုင်း သွားလာနိုင်ခဲ့ကြောင်းလည်း သိရှိရပါတယ်။
ယာဥ်ပေါ့ဆစွာမောင်းနှင်မှုကြောင့် ယာဉ်မီးလောင်ပျက်စီးဆုံးရှုံးစေခဲ့သူ ယာဉ်မောင်းအား သာဂရရဲစခန်းမှ (ပ)၇၆/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ-၂၈၅ ဖြင့် အမှုရေး ရေးဖွင့်ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။
#Myanmagon