
မြန်မာ့ဂုဏ် အောက်တိုဘာ ၁၇
ယူဂန်ဒါနိုင်ငံ ကမ်ပါလာမြို့၌ကျင်းပသည့် ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ ဝန်ကြီးအဆင့်အစည်းအဝေး (Non-aligned Movement- NAM) တက်ရောက်လျက်ရှိသည့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် နှစ်နိုင်ငံချစ်ကြည်ရေးတွေ့ဆုံဆွေးနွေးမှုများကို ဆောင်ရွက်ခဲ့တယ်လို့သိရပါတယ်။
ပြည်ထောင်စုဝန်ကြီးသည် အောက်တိုဘာ ၁၅ ရက်တွင် မိုဇမ်ဘစ်နိုင်ငံခြားရေးဝန်ကြီး H.E. Maria Manuela Lucas၊ အီရန်နိုင်ငံခြားရေးဝန်ကြီး H.E. Abbas Araghchi ၊ ဘယ်လာရုစ်နိုင်ငံခြားရေးဝန်ကြီး H.E. Maxim RYZHENKOV (ယာပုံ)၊ ကျူးဘား နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Bruno Rodri-guez Parrilla၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနအကြံပေးပုဂ္ဂိုလ် H.E.Md. Touhid Hossainနှင့် အီတလီနိုင်ငံဆိုင်ရာ နီကာရာဂွါသံအမတ်ကြီး H.E. Mrs. Monica Robelo Raffone တို့နှင့် လည်းကောင်း
အောက်တိုဘာ ၁၆ ရက်တွင် ယူဂန်ဒါသမ္မတနိုင်ငံနိုင်ငံခြားရေးဝန်ကြီး Gen. Odongo Jeje Abubakhar နှင့်လည်းကောင်း သီးခြားစီ တွေ့ဆုံဆွေးနွေးပါတယ်။
အဆိုပါတွေ့ဆုံဆွေးနွေးမှုများတွင် ရှိရင်းစွဲ သံတမန်ဆက်ဆံရေးပိုမိုခိုင်မာအားကောင်းစေရေး၊ နှစ်နိုင်ငံအဆင့် နိုင်ငံရေးရာဆွေးနွေးမှုများပြုလုပ်သွားရေး၊ စီးပွားရေးနှင့်ခရီးသွားလုပ်ငန်းကဏ္ဍအပါအဝင်ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးတို့ကို အလေးထားဆွေးနွေးခဲ့ပြီး ဒေသတွင်းနှင့် နိုင်ငံတကာအရေးကိစ္စများတွင် ပိုမိုထိတွေ့ညှိနှိုင်းဆောင်ရွက်ရေးစသည့် ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ်ခဲ့ကြပါတယ်။
ထို့ပြင် မြန်မာ-ယူဂန်ဒါနှင့် မြန်မာ-မိုဇမ်ဘစ်တို့အကြား ချစ်ကြည် ရင်းနှီးမှုနှင့် သံတမန်ဆက်ဆံရေး စတင်ထူထောင်နိုင်ရေးအလားအလာနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများအပေါ် အမြင်ချင်းဖလှယ်ခဲ့ကြပါတယ်။ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာန အကြံပေးပုဂ္ဂိုလ်နှင့် တွေ့ဆုံစဉ် ၂၀၁၆-၂၀၁၇ ဖြစ်စဉ်များကြောင့် မြန်မာနိုင်ငံဘက်က ရခိုင်ပြည်နယ်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နေရပ်စွန့်ခွာသွားသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ မြန်မာဘက်ကဆောင်ရွက်နေမှုများကို အလေးပေး ပြောကြားခဲ့ပါတယ်။
လက်ရှိတွင် မြန်မာနိုင်ငံသည် ကမ္ဘာ့နိုင်ငံပေါင်း ၁၉၃ နိုင်ငံအနက် အာဖရိကရှိနိုင်ငံ ၂၁ နိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၂၆ နိုင်ငံတို့နှင့် သံတမန်ဆက်ဆံရေး ထူထောင်ထားရှိပြီးဖြစ်ကြောင်း သိရပါတယ်။
#Myanmagon