
မြန်မာ့ဂုဏ် အောက်တိုဘာ ၁၉
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယမန်နေ့မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့ရှိ အမှတ် (၂) စက်မှုသင်တန်းကျောင်း (မန္တလေး) သို့ ရောက်ရှိပြီး အစည်းအဝေးခန်းမ၌ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မြန်မာ့ဆေးဝါးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး၊ အထွေထွေမန်နေဂျာများ၊ နည်းပြဆရာ ဆရာမများကို တွေ့ဆုံခဲ့ပါတယ်။
တွေ့ဆုံစဉ် ညွှန်ကြားရေးမှူးချုပ်၊ သင်တန်းကျောင်းများ ကြီးကြပ်ရေးဌာန ညွှန်ကြားရေးမှူး၊ ကျောင်းအုပ်ကြီးတို့က ၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် စက်မှုသင်တန်းကျောင်းရှိ ဝန်ထမ်းများ၊ မိသားစုဝင်များ မဲပေးနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှု၊ စက်မှုကျွမ်းကျင် တစ်နှစ်သင်တန်းဖွင့်လှစ်၍ လေ့ကျင့်သင်ကြားနေမှုအခြေအနေတို့ကို ရှင်းလင်းတင်ပြရာပြည်ထောင်စုဝန်ကြီးက စက်မှုသင်တန်းကျောင်းများအနေဖြင့် ကျွမ်းကျင်လုပ်သားများကို ပိုမိုလေ့ကျင့်မွေးထုတ်ပေးနိုင်ရေး စီမံဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သင်တန်းကျောင်းများသည် ကျွမ်းကျင်မှုအခြေခံပညာရေးစနစ်ဖြစ်သည့်အတွက် သင်တန်းသားများကို အမှန်တကယ် ကျွမ်းကျင်တတ်မြောက်အောင် လေ့ကျင့်သင်ကြားပေးရမည်ဖြစ်ကြောင်း၊ သင်တန်းကျောင်းမှ လေ့ကျင့်သင်ကြားပေးသည့် ပညာရပ်များကို သင်တန်း သား သင်တန်းသူများ အမှန်တကယ်တတ်မြောက်မှု ရှိ/မရှိ သိရှိစေရေးအတွက် အမြဲတမ်း ပြန်လည်ဆန်းစစ်ရမည်ဖြစ်ကြောင်း၊ ဒေသနှင့် နိုင်ငံတော်အတွက် လိုအပ်သော ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရေးအတွက် သင်ရိုးညွှန်းတမ်းများ၊ လေ့ကျင့်သင်ကြားရေးစနစ်တို့ကိုလည်း အမြဲတမ်းသုံးသပ်၍ အဆင့်မြှင့်တင်နေရမည်ဖြစ်ကြောင်း၊ ဆရာ ဆရာမများအနေဖြင့် သင်တန်းသား သင်တန်းသူများအား လက်တွေ့လုပ်ငန်းခွင်တွင် အမှန်တကယ် ပြန်လည်အသုံးချ နိုင်သည်အထိ လေ့ကျင့်သင်ကြားပေးရမည်ဖြစ်ကြောင်း၊ နည်းပြဆရာ ဆရာမများသည် သက်ဆိုင်ရာ နည်းပညာအထူးပြုဘာသာရပ်များကို ကျွမ်းကျင်သူများဖြစ် အောင် စဉ်ဆက်မပြတ် လေ့လာသင်ယူနေရမည်ဖြစ်ကြောင်း၊ တာဝန်ရှိသူများအနေဖြင့် မကြာမီ ကျင်းပမည့် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ဝန်ထမ်းများ၊ မိသားစုဝင်များအားလုံး ဆန္ဒမဲပေး နိုင်ရေး စီမံဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း မှာကြားပြီး သင်တန်းသားများအား စာတွေ့၊ လက်တွေ့လေ့ကျင့် သင်ကြားပေးနေမှုနှင့် သင်ထောက်ကူပစ္စည်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးပါတယ်။
#Myanmagon