
မြန်မာ့ဂုဏ် အောက်တိုဘာ ၂၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်တွင်တည်ဆောက်လျက်ရှိသည့် သံလွင်တံတားသစ်(တာဆန်း) တည်ဆောက်နေမှုအား တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးလှိုင်နှင့် တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းတွင် သွားရောက်ကြည့်ရှုစစ်ဆေးပါတယ်။
တိုင်းမှူးနှင့်အဖွဲ့ဝင်များသည်တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိကြရာ တံတားဦးစီးဌာနမှတာဝန်ရှိသူတစ်ဦးက တံတားဟောင်း၏ကြံ့ခိုင်မှုအခြေအနေ၊ တံတားသစ်စီမံကိန်းဖြစ်ပေါ် လာပုံ၊ စီမံကိန်းအား ဘဏ္ဍာရေးနှစ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် စီမံကိန်းအပြီးသတ်ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများအား ရှင်းလင်းတင်ပြပါတယ်။
ထို့နောက်တိုင်းမှူးက စီမံကိန်းအချိန်မီ ပြီးစီးစေရေး၊ သတ်မှတ်စံချိန်စံညွှန်းကိုက်ညီစေရေးနှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရေးတို့အား မှာကြားပြီးတိုင်းမှူးနှင့်အဖွဲ့ဝင်များသည် တံတားသစ် တည်ဆောက်ပြီးစီးမှု အခြေအနေနှင့် လက်ရှိအသုံးပြုလျက်ရှိသော တံတားဟောင်း၏ကြံ့ခိုင်မှုအခြေအနေအား တာဝန်ရှိသူများနှင့်အတူ လိုက်လံကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးပါတယ်။
အဆိုပါတံတားဟောင်းမှာ ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်နှင့်ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းတုံခရိုင်တို့ကို ဆက်သွယ်ထားသည့် နမ့်စန်-မိုးနဲ-မိုင်းတုံ-မိုင်းဆတ် လမ်းပေါ်ရှိ အဓိကသံလွင်မြစ်ကူး ကြိုးတံတားတစ်စင်းဖြစ်ပြီး သက်တမ်းကာလကြာမြင့်ကာ တံတားခံနိုင်ရည် ကျဆင်းလာခြင်းကြောင့် ၎င်း၏အနီး၌ အရှည် ၈၇၆ ပေရှိ RC Concrete အမျိုးအစားတံတားသစ်အား ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလမှစတင်ကာ ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့်တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ယခုနှစ်ဒီဇင်ဘာလအတွင်း ခန့်မှန်းပြီးစီးမည်ဖြစ်ကြောင်းသ်ိရပါတယ်။
#Myanmagon