
မြန်မာ့ဂုဏ် အောက်တိုဘာ ၂၃
ကျန်းမာရေးဝန်ကြီးဌာနသည် ပြည်သူများလိုအပ်သော နိုင်ငံတကာအဆင့်မီကုသမှုများကို ပြည်တွင်း၌ လက်လှမ်းမီရရှိနိုင်ခြင်းဖြင့် ပြည်သူများဆေးကုသမှုအတွက် စိုက်ထုတ်ကုန်ကျစရိတ် သက်သာစေရေးနှင့် ပြည်သူ့ဆေးရုံများ၏ ကုသမှုအရည်အသွေးတိုးတက် စေရေးအတွက် လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်လျက်ရှိရာ ကျောက်ကပ်ရောဂါလူနာများအတွက် ပြည်တွင်း၌ ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုခံယူနိုင်ရန် အထူးကုဆေးရုံကြီး(ခုတင်-၅၀၀)-ရန်ကုန်၊ မန္တလေးပြည်သူ့ဆေးရုံကြီးနှင့် နေပြည်တော် ပြည်သူ့ဆေးရုံကြီး(ခုတင်-၁၀၀၀)တို့တွင် ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးလျက်ရှိပါတယ်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)တွင် ဒုတိယအကြိမ်နှင့် တတိယအကြိမ်အဖြစ် ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှု ခံယူထားသော လူနာနှင့် အလှူရှင်များကိုတွေ့ဆုံ၍ အားပေးစကားပြောကြားကာ အစားအသောက်လက်ဆောင်များ ပေးအပ်ခဲ့ပါတယ်။
ထို့နောက် ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသော ဆေးရုံအုပ်ကြီး၊ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများ၊ သူနာပြုများအား တွေ့ဆုံအားပေးကာ ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသမှု စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည်များ မှာကြားပါတယ်။
နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်- ၁၀၀၀)၌ ဒုတိယအကြိမ် ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသမှုကို အောက်တိုဘာ ၁၆ ရက်တွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်နေ အသက် (၃၁)နှစ်ရှိ အမျိုးသားကျောက်ကပ်လူနာနှင့် ကျောက်ကပ်အလှူရှင် အစ်ကိုတော်စပ်သူ အသက်(၄၃)နှစ် အမျိုးသားတို့ကို ခွဲစိတ်ကုသခဲ့ခြင်းဖြစ်ပြီး ခွဲစိတ်ကုသမှုကို နံနက် ၉ နာရီမှ စတင်ဆောင်ရွက်ခဲ့ရာ မွန်းလွဲ ၂ နာရီတွင် ပြီးစီးခဲ့၍ စုစုပေါင်းခွဲစိတ်ချိန် ၅ နာရီ ကြာမြင့်ခဲ့ပါတယ်။
တတိယအကြိမ် ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုကို အောက်တိုဘာ ၁၇ ရက်တွင် နေပြည်တော်တပ်ကုန်းမြို့နယ်နေ အသက်(၃၁)နှစ်ရှိ ကျောက်ကပ်လူနာအမျိုးသမီး (သားဖွားဆရာမ)နှင့် ကျောက်ကပ်အလှူရှင် မိခင်တော်စပ်သူ အသက် (၅၂)နှစ် အမျိုးသမီးတို့ကို ခွဲစိတ်ကုသခဲ့ခြင်းဖြစ်ပြီး ခွဲစိတ်ကုသမှုကို နံနက်၉နာရီမှ စတင်ဆောင်ရွက်ခဲ့ရာ မွန်းလွဲ ၂ နာရီခွဲတွင် ခွဲစိတ်ကုသမှုပြီးစီးခဲ့၍ စုစုပေါင်းခွဲစိတ်ချိန် ၅ နာရီခွဲကြာမြင့်ခဲ့ပါတယ်။
ဒုတိယအကြိမ်နှင့် တတိယအကြိမ် ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုဆောင်ရွက်ခဲ့သော လူနာနှင့် ကျောက်ကပ်အလှူရှင်လေးဦးတို့၏ခွဲစိတ်ပြီး ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိပြီး အထူးကြပ်မတ်ကုသဌာနတွင်ထားရှိကာ လိုအပ်သော ပြုစုကုသမှုများကို ဘာသာရပ်ဆိုင်ရာ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများ၊ ကျွမ်းကျင်သူနာပြုများက ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါတယ်။
#Myanmagon