









မြန်မာ့ဂုဏ် အောက်တိုဘာ ၂၈
၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ပြည်ထောင်စုအစီရင်ခံစာ ထုတ်ပြန်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၁)(MICC-1)၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားပါတယ်။
အဆိုပါ အခမ်းအနားသို့ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ နိုင်ငံခြားသံရုံးများနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ နိုင်ငံရေးပါတီများနှင့် အသင်းအဖွဲ့များမှဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းစဉ်များတွင် ပါဝင်အားဖြည့်ခဲ့ကြသည့် နိုင်ငံ့ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဖိတ်ကြားထားသူများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တာဝန်ရှိသူများတက်ရောက်ကြပါတယ်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမှာစကားပြောကြားရာတွင် ယနေ့ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ပြည်ထောင်စုအစီရင်ခံစာ ထုတ်ပြန်မှုသည် နိုင်ငံတော်အတွက် အဖိုးတန်သည့် စာရင်းအင်း၊ ကိန်းဂဏန်းအချက်အလက်များဖြစ်သောကြောင့် ပိုမိုလေးနက်ပြီး အဓိပ္ပာယ်ရှိသည့် နေ့တစ်နေ့ဖြစ်ကြောင်း၊
ယင်းအစီရင်ခံစာသည် နိုင်ငံ၏ လက်ရှိဖြစ်ပေါ်နေသည့် လူဦးရေပြောင်းလဲလာမှုနှင့် မြို့ပြ၊ ကျေးလက်အလိုက် လူဦးရေအခြေအနေ၊ နိုင်ငံသူနိုင်ငံသားများ၏ ပညာရေးအဆင့်အတန်း၊ လုပ်သားအင်အားအခြေအနေနှင့် အလုပ်လုပ်ကိုင်မှု၊ ရွှေ့ပြောင်းသွားလာမှုနှင့် ၎င်းတို့၏နေထိုင်မှုပုံစံ စသည့်အခြေအနေများနှင့် မိမိတို့ မြန်မာနိုင်ငံ၏အနာဂတ်ကို မီးမောင်းထိုးပြနေသည့် နေ့စဉ်လူနေမှုဘဝပုံစံများကို ထုတ်ဖော်ပြသခြင်းပင် ဖြစ်ကြောင်း၊ ယင်းအစီရင်ခံစာပါ ကိန်းဂဏန်းအချက်အလက်များသည် ယနေ့မိမိတို့ မည်သို့အခြေအနေရှိသည်ဆိုသည်ကို ထင်ဟပ်ပြသနေပြီး မနက်ဖြန်တွင် မည်သည့်အခြေအနေဖြစ်လာနိုင်မည်ဆိုသည်ကို ညွှန်ပြနေသည့် နိုင်ငံတော်၏ ကြေးမုံပြင်တစ်ချပ်ဟု ပြောရမည်ဖြစ်ကြောင်း။
မြန်မာနိုင်ငံ၏ သန်းခေါင်စာရင်းကောက်ယူမှုသမိုင်းကြောင်းကို ပြန်လည်လေ့လာသုံးသပ်ကြည့်မည်ဆိုပါက လွတ်လပ်ရေးမရမီ ၁၈၇၂ ခုနှစ်မှ ၁၉၄၁ ခုနှစ်အတွင်း သန်းခေါင်စာရင်း (၈) ကြိမ်ကောက်ယူခဲ့သည်ကို တွေ့ရှိရကြောင်း၊ လွတ်လပ်ရေးရပြီးနောက် လူဦးရေသန်းခေါင်စာရင်းများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၁၉၇၃ ခုနှစ်၊ ၁၉၈၃ ခုနှစ်၊ ၂၀၁၄ ခုနှစ်တို့တွင် ကောက်ယူခဲ့ပြီး ယခု ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းနှင့်ဆိုပါက (၄)ကြိမ်ကောက်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း၊
ယုံကြည်အားထားရသော အချက်အလက်မရှိသည့်နိုင်ငံသည် သံလိုက်အိမ်မြှောင်မပါဘဲ သင်္ဘောကို ထိန်းကျောင်းမောင်းနှင်နေခြင်းနှင့် တူနေသည်ဟု ဆိုကြကြောင်း၊ ထို့ကြောင့် သန်းခေါင်စာရင်းက မိမိတို့နိုင်ငံ၏ ဖွံ့ဖြိုးမှုလမ်းကြောင်းကို ပြသနေသည့် သံလိုက်အိမ်မြှောင်ဟု တင်စားလိုကြောင်း၊ ထို့ပြင် သန်းခေါင်စာရင်းဆိုသည်မှာ နိုင်ငံ၏အုပ်ချုပ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုများအတွက် အခြေခံအုတ်မြစ်တစ်ခုလည်းဖြစ်ကြောင်း၊ စီမံကိန်းရေးဆွဲသူများ၊ မူဝါဒချမှတ်သူများအနေဖြင့် ပိုမိုကောင်းမွန်သည့် ပညာရေးမျှော်မှန်းချက်များ ဖော်ဆောင်ရန်၊ ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုများ မြှင့်တင်ရန်၊ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရန်၊ လူမှုကူညီစောင့်ရှောက်ရေးလုပ်ငန်းများ ချဲ့ထွင်ရန် စသည့်လုပ်ငန်းများ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန်အတွက် သန်းခေါင်စာရင်း အချက်အလက်များသည် ယုံကြည်အားထားရသည့် နိုင်ငံ၏အသက်သွေးကြောဟု ဆိုနိုင်ကြောင်း။
သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းသည် အလွန်ကျယ်ပြန့်ပြီးလုပ်ငန်းပမာဏ ကြီးမားရုံသာမက ငွေကြေးကုန်ကျမှုလည်းများလွန်းသည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ သို့သော်လည်း နိုင်ငံတော်၏ လက်ရှိအခြေအနေနှင့် အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိကျမှန်ကန်သည့် လူဦးရေဆိုင်ရာ စာရင်းအင်းအချက်အလက်များရရှိရန် အရေးကြီးပြီး ကုလသမဂ္ဂ၏ အကြံပြုချက်အရ နိုင်ငံတကာလုပ်ထုံးလုပ်နည်းများနှင့်အညီ သန်းခေါင်စာရင်းကို (၁၀)နှစ်တစ်ကြိမ် ကောက်ယူရန်လိုအပ်ကြောင်း၊ ထို့ကြောင့် အခက်အခဲများ၊ စိန်ခေါ်မှုများကြားထဲကပင် သန်းခေါင်စာရင်းကို မဖြစ်မနေကောက်ယူရန် တွန်းအားပေးဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း။
၂၀၂၄ ခုနှစ်၊ အောက်တိုဘာလအတွင်းတွင် သန်းခေါင်စာရင်းကောက်ယူခဲ့ပြီးသည့်နောက် နိုင်ငံတော်၏ စီမံကိန်းလုပ်ငန်းများနှင့်ပတ်သက်ပြီး အခြေခံအချက်အလက်အနေဖြင့် ချက်ချင်းအသုံးပြုနိုင်ရန် ရှေ့ပြေးလူဦးရေစာရင်းကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်တွင် ဦးစွာထုတ်ပြန်ကြေညာပေးခဲ့ပြီးဖြစ်ကြောင်း၊ ယင်းသန်းခေါင်စာရင်းအချက်အလက်များကို ဆန်းစစ်လေ့လာထားသည့် ကိန်းဂဏန်းအချက်အလက်များနှင့် အညွှန်းကိန်းများပါဝင်သော သန်းခေါင်စာရင်းပင်မအစီရင်ခံစာဖြစ်သည့် ပြည်ထောင်စုအစီရင်ခံစာ၊ အသုံးပြုသူများ လွယ်လွယ်ကူကူထုတ်နုတ် အသုံးပြုနိုင်မည့် အနှစ်ချုပ်အစီရင်ခံစာနှင့် စာရင်းဇယားများကို ယနေ့ထုတ်ပြန်သွားမည်ဖြစ်ကြောင်း၊ ယင်းအစီရင်ခံစာများတွင် လူဦးရေဆိုင်ရာအချက်အလက်များ၊ ရွှေ့ပြောင်းသွားလာခြင်း၊ ပညာရေး၊ လုပ်သား အင်အား၊ မသန်စွမ်းမှု၊ အိမ်အကြောင်းအရာ၊ မွေးဖွားခြင်းနှင့် သေဆုံးခြင်းအကြောင်းအရာ စသည့်အခန်းကဏ္ဍများပါဝင်ပြီး မိမိတို့နိုင်ငံအတွက် အကျိုးဖြစ်ထွန်းမှု များစွာရရှိစေနိုင်မည်ဖြစ်သကဲ့သို့ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး စသည့် လုပ်ငန်းစီမံကိန်းများအတွက်လည်း များစွာအသုံးဝင်မည်ဖြစ်ကြောင်း၊ထို့ပြင် လာမည့် ဒီဇင်ဘာလ ၂၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးအောင်မြင်ရေးအတွက် အခြေခံအကျဆုံးဖြစ်သည့် မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်ရေး ဆောင်ရွက်ရာတွင်လည်း ယခုသန်းခေါင်စာရင်း၏ လူဦးရေကိန်းဂဏန်းများက အထောက်အကူပြုလျက်ရှိကြောင်း၊ သန်းခေါင်စာရင်းက ဖော်ထုတ်ရရှိသည့် ပညာအရည်အချင်းအလိုက်၊ လုပ်ငန်းအမျိုးအစားအလိုက်၊ နေထိုင်မှုပုံစံအလိုက် လူဦးရေကိုသိရှိခြင်းအားဖြင့် ယင်းတို့နှင့်ပတ်သက်ပြီး လိုအပ်သည့်အစီအမံများ ရေးဆွဲချမှတ်နိုင်ရန် အခြေခံအရင်းအမြစ်များကို ဖန်တီးပံ့ပိုးပေးနိုင်မည်ဖြစ်သကဲ့သို့ လိုအပ်သည့် လုပ်သားအင်အားကိုလည်း လေ့ကျင့်မွေးထုတ်ပေးနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံပိုင်၊ ပုဂ္ဂလိကပိုင်၊ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ လုပ်သားလိုအပ်ချက်များကိုအခြေခံပြီး နှစ်စဉ်တက္ကသိုလ်ဝင်ခွင့်နှင့် သက်မွေးပညာဆိုင်ရာ ကျောင်းဝင်ခွင့်များနှင့် ပတ်သက်သည့် လူဦးရေလျာထားတွက်ချက်ရာတွင်လည်း အခြေခံအချက်အလက်များ ပံ့ပိုးပေးနိုင်မည်ဖြစ်ကြောင်း၊ ယခုလုပ်ငန်းခွင်များတွင် ကျွမ်းကျင်မှုလိုအပ်သည့် သို့မဟုတ် အရည်အသွေးမြှင့်တင်လိုသည့် လုပ်သားများအတွက်လည်း စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းများ၊ ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းများကို လိုအပ်သလို စီမံဆောင်ရွက်ပေးနိုင်မည် ဖြစ်ကြောင်း ထည့်သွင်းပြောကြားသွားပါတယ်။
ယင်းနောက် ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က သန်းခေါင်စာရင်းရလဒ်များအား အကျဉ်းချုပ်ရှင်းလင်းတင်ပြပါတယ်။
ထို့နောက်နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အခမ်းအနားတက်ရောက်လာကြသူများသည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပါတယ်။၎င်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အခမ်းအနားတက်ရောက်လာကြသူများသည် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ပြည်ထောင်စုအစီရင်ခံစာထုတ်ပြန်ခြင်း အထိမ်းအမှတ်ပြခန်းအတွင်း ခင်းကျင်းပြသထားမှုများအား ပြကွက်တစ်ခုချင်းစီအလိုက် စိတ်ပါဝင်စားစွာဖြင့် လှည့်လည်ကြည့်ရှုခဲ့ကြပါတယ်။
#Myanmagon