
မြန်မာ့ဂုဏ် အောက်တိုဘာ ၃၀
ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့၌ အောက်တိုဘာ ၂၂ ရက်မှ ၂၄ ရက်အထိ ကျင်းပခဲ့သည့် (၉) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ သိပ္ပံနှင့်လက်တွေ့အသုံးချညီလာခံသို့ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးပေါ်လွင်စိန် ဦးဆောင်သောမြန်မာကိုယ်စားလှယ်အဖွဲ့ပါဝင် တက်ရောက်ခဲ့ပါတယ်။
ညီလာခံကို ဒစ်ဂျစ်တယ်ခေတ်တွင် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ခြင်းခေါင်းစဉ်ဖြင့် ကျင်းပခြင်းဖြစ်ပြီး မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အပါအဝင် ကမ္ဘာ့နိုင်ငံနှင့် အဖွဲ့အစည်း(၆၀)ကျော်မှ လူ့အခွင့်အရေးကော်မရှင် ကိုယ်စားလှယ်များ၊ လူ့အခွင့် အရေးနှင့်စပ်လျဉ်း သည့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များတက်ရောက်ကြပါတယ်။
ညီလာခံဖွင့်ပွဲတွင်ရုရှား ဖက်ဒရေးရှင်းနိုင်ငံသမ္မတ Mr. Vladimir Putin ကပေးပို့သော ကြိုဆိုနှုတ်ဆက်မိန့်ခွန်းကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတရုံးအကြီးအကဲကဖတ်ကြားပြီးရုရှား ဖက်ဒရေးရှင်းနိုင်ငံ လွှတ်တော်ဥက္ကဋ္ဌ Mrs. Valentina Matvienko ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမား လွှတ်တော်ဥက္ကဋ္ဌ Mr. Viacheslav Volodin နှင့် ရုရှားဖက်ဒရေးရှင်း နိုင်ငံနိုင်ငံခြားရေးဝန်ကြီး Mr. Sergey Lavrov တို့၏ ကိုယ်စား ကြိုဆိုနှုတ်ဆက်စကားများကို သက်ဆိုင်ရာဌာနအကြီးအကဲများ တက်ရောက်ပြောကြား ကာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ လူ့အခွင့်အရေးကော်မရှင်၏ ဥက္ကဋ္ဌဖြစ်သူ Prof. Tatiana Moskalkova က အဖွင့်အမှာစကားပြောကြားသပါတယ်။
ညီလာခံတွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌက မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်အနေဖြင့် လူ့အခွင့်အရေးများ ဖော်ဆောင်ရာတွင် ဒစ်ဂျစ်တယ်နည်းပညာဖြင့် လူ့အခွင့်အရေးများ မြှင့်တင်ကာကွယ် စောင့်ရှောက်ပေးနိုင်သည့် Learning Management System ကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ ကော်မရှင် Mobile Application ဆောင်ရွက်ထားရှိခြင်း၊ နိုင်ငံသားများ online မှ တိုင်တန်းချက်များ ပေးပို့နိုင်ရန်နှင့် သတင်းအချက်အလက်များရရှိနိုင်ရန် ရည်ရွယ်၍ ကော်မရှင် Website တည်ထောင်ထားရှိခြင်း၊ အခွင့်အရေးအခြေပြု ဒစ်ဂျစ်တယ် စနစ်ဖြစ်စေရန်အတွက် ကော်မရှင်တွင် e-Government ဌာနဖွဲ့စည်း ထားရှိခြင်းတို့ကိုဆောင်ရွက်ထား ပါကြောင်း၊ ကမ္ဘာတစ်ဝန်းတွင် ဒစ်ဂျစ်တယ်ဖြစ်ပေါ်တိုးတက်မှုနှင့်အတူ လူ့အခွင့်အရေးများအပေါ် စိန်ခေါ်မှုများစွာ ရှိပါကြောင်း၊ ထိုစိန်ခေါ်မှုများကို တစ်နိုင်ငံတည်းက ဖြေရှင်းနိုင်မည် မဟုတ်ဘဲ အားလုံးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်မှသာ ဖြေရှင်းနိုင်မည်ဖြစ်ပါကြောင်း၊ အနာဂတ် ဒစ်ဂျစ်တယ်ခေတ်တွင် လွတ်လပ်မှု၊ ညီမျှမှုနှင့် လူ့ဂုဏ်သိက္ခာတို့ကို အလေးထားသည့်လူ့အခွင့်အရေး အခြေပြု ဒစ်ဂျစ်တယ်အနာဂတ်တစ်ခု ဖြစ်ပေါ်လာစေရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြပါရန် တိုက်တွန်းပါကြောင်း ဆွေးနွေးပြောကြားပါတယ်။
ထို့နောက် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ Prof. Tatiana Moskalkova နှင့် သီးသန့်တွေ့ဆုံပြီးအဖွဲ့ အစည်းနှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှု ကဏ္ဍများကိုဆွေးနွေးကြပါတယ်။
ယင်းနောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ လူ့အခွင့်အရေးကော်မရှင်နှင့် မြန်မာနိုင်ငံအမျိုး သား လူ့အခွင့်အရေးကော်မရှင်တို့အကြား လူ့အခွင့်အရေးမြှင့်တင် ကာကွယ်ရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေးစာချွန်လွှာ (Memorandum of Coopera-tion) ကို လက်မှတ်ရေးထိုးကြပါတယ်။
အဆိုပါ ခရီးစဉ်အတွင်းကော်မရှင်ဥက္ကဋ္ဌသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ရုံးချုပ်သို့ သွားရောက်ကာ လူ့အခွင့်အရေး ဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှု လေ့လာခဲ့ပါတယ်။
ထို့ပြင်ကော်မရှင်ဥက္ကဋ္ဌသည် အင်ဒိုနီးရှားနိုင်ငံ၊ ဆူဒန်နိုင်ငံ၊ နီပေါနိုင်ငံနှင့် သီရိလင်္ကာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်များမှကိုယ်စားလှယ် အဖွဲ့များနှင့်လည်း သီးခြားစီတွေ့ဆုံပြီး ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ပါတယ်။
ညီလာခံအပြီးတွင် မြန်မာ နိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌသည် လေကြောင်း ခရီးဖြင့် ပြန်လည်ထွက်ခွာလာရာ ရန်ကုန်မြို့သို့ ယမန်နေ့က ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရပါတယ်။
#Myanmagon