

မြန်မာ့ဂုဏ် အောက်တိုဘာ ၃၁
MSME ထုတ်ကုန်ပစ္စည်းများ၊ ဒေသထွက်ကုန်ပစ္စည်းများ ရောင်းချမည့် ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင် တန်ဆောင်တိုင်ဈေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲ ပြင်ဆင်ဆောင်ရွက်နေမှုများကို ယနေ့ နေ့လယ်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး ဝန်ကြီးများက သွားရောက် ကြည့်ရှုစစ်ဆေးပါတယ်။
ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးဗိုလ်ဌေး၊ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်နှင့် တာဝန်ရှိသူများက တန်ဆောင်တိုင်ဈေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲ ကျင်းပနိုင်ရေး လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြကြပါတယ်။
ထို့နောက် ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက ဈေးရောင်းပွဲတော်တွင် ပါဝင်ရောင်းချမည့် ပုဂ္ဂိုလ်များ၏ လိုအပ်ချက်များကို တာဝန်ရှိသူအဆင့်ဆင့် က ဝိုင်းဝန်းကူညီ ဖြည့်ဆည်းဆောင်ရွက်ပေးရန်နှင့် ပွဲတော်လာ ပရိသတ်များအတွက် သန့်စင်ခန်း များ၊ မီးဘေးလုံခြုံရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့များ ထားရှိရန်၊ ပွဲတော်ရက်များအတွင်း အလှမီးများ ပြင်ဆင်ထားရှိရေးနှင့် လိုအပ်သည်များကို အချိန်နှင့်တစ်ပြေးညီ စီစဉ်ဆောင်ရွက်ပေး နိုင်ရေး တာဝန်ရှိသူများကို မှာကြားပြီး ကြိုတင်ပြင်ဆင် ဆောင်ရွက်နေသည့် မုဒ်ဦး ဆိုင်ဘုတ်နှင့် မီးအလှဆင်နေမှုများ၊ ကြာရုပ်ပုံစံ မီးအလှဆင်နေမှုများ၊ အသဲပုံစံ မုဒ်ဦး မီးအလှဆင်နေမှုများ၊ ပုံဂံပုထိုးတော်ပုံစံ လျှောက်လမ်း မုဒ်ဦး မီးအလှဆင်နေမှုများ၊ ဆောင်းပုံစံနှင့် ဆွမ်းအုပ်ပုံစံ မီးအလှဆင်နေမှုများ၊ မီးပုံး အကြီး/အသေး အလှဆင် ဆောင်ရွက်နေမှုများ၊ ဂီတဖျော်ဖြေပွဲစင်နှင့် မီးအလှဆင်နေမှုများ စသည်တို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးပါတယ်။
အဆိုပါ ဈေးရောင်းပွဲတော်ကို နိုဝင်ဘာလ(၁)ရက်နေ့မှ နိုဝင်ဘာလ(၄)ရက်နေ့အထိ ကျင်းပ မည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များ၊ MSME လုပ်ငန်းရှင်များ၊ အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၊ သမဝါယမဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီး မြှုပ်နှံမှု ကော်မတီမှ စက်မှုထုတ်ကုန်များ၊ တိုင်းဒေသကြီး၊ ပြည်နယ်များမှ ဒေသထွက်ကုန်ပစ္စည်းများနှင့် အစားအစာ အရောင်းဆိုင်များ၊ စားသောက်ဆိုင်ခန်းများအပါအဝင် ဈေးဆိုင်ခန်းပေါင်း (၅၆၈)ခန့် ခင်းကျင်း ရောင်းချမည်ဖြစ်ကြောင်းသိရပါတယ်။
#Myanmagon