







မြန်မာ့ဂုဏ် နိုဝင်ဘာ ၂
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အတူ ယမန်နေ့၊ မွန်းလွဲပိုင်းက ပြည်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပြည်မြို့၊ မြကန်သာရပ်ကွက်အတွင်း နှစ်စဉ်ရေကြီးနစ်မြှုပ်မှု လျော့နည်းစေရေးအတွက် အုတ်ရေမြောင်းပြုလုပ်ရန်၊ အုတ်ရေမြောင်းနှင့် တစ်ဆက်တည်း ကွန်ကရစ်လမ်းခင်းပေးရန်၊ လမ်းဧရိယာနှင့်မလွတ်ကင်းသည့်လမ်းမီးတိုင်များ နေရာပြောင်း ရွှေ့ရန်နှင့် အနောက်နန်း ကန်တော်အား ပြန်လည်အဆင့်မြှင့်တင်ဖော်ထုတ်နိုင်ရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပါတယ်။
ထို့နောက် ပွင့်လှသိမ်ကုန်းရပ်ကွက်အတွင်းရှိ အများပြည်သူအဓိကအသုံးပြုနေရသည့် ပွင့်လှသိမ်ကုန်း မြေသားလမ်းအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ရာသီမရွေးသွားလာနိုင်ရေးအတွက် ကွန်ကရစ်လမ်း အဖြစ် အဆင့်မြှင့်တင်ပေးရန်၊ လမ်းပုခုံးသားများ အမာခံရရှိအောင် ဆောင်ရွက်ရန်၊ လမ်းဧရိယာအတွင်း ရေဝပ်မှု မရှိစေရေး ရေမြောင်းထည့်သွင်းဆောင်ရွက်ရန်နှင့် လမ်းမီးတိုင်များ မီးလင်းစေရေးကွင်းဆင်းစိစစ်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပါတယ်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပြည်မြို့နယ်၊ မှော်ဇာကျေးရွာအုပ်စုအတွင်းရှိ လက်သည်းရေကန်တောင်ကျောင်း(ခ) သုံးပန်လှကျောင်းဝန်းအတွင်းရှိ မန္တလေးငလျင်ကြီးကြောင့် ပြိုကျ ပျက်စီးခဲ့သည့် ရှေးဟောင်းနှစ်ထပ်အုတ်ကျောင်းဆောင် ပြန်လည်ပြုပြင်မွမ်းမံနေမှုအား ကွင်းဆင်းကြည့်ရှု ခဲ့ရာ တာဝန်ရှိသူများက ရှေးဟောင်းနှစ်ထပ်အုတ်ကျောင်းဆောင်အား ရှေးမူလက်ရာမပျက် အပိုင်းလိုက် ပြန်လည်ပြင်ဆင်မှုများအား ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန် မှာကြားခဲ့ပြီး နှစ်ထပ်အုတ်ကျောင်းဆောင်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။ #Myanmagon