
မြန်မာ့ဂုဏ် နိုဝင်ဘာ ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။
နိုဝင်ဘာလ ၄ ရက်နေ့ မွန်းလွဲ ၂ နာရီ ၄၅ မိနစ် တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးပြည်သူ့ဆေးရုံကြီး၌ ကျည်ထိမှန် ဒဏ်ရာများဖြင့် အမျိုးသားနှစ်ဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ကြောင်း သိရပါတယ်။
ယင်းသို့စစ်ဆေးရာ နံနက် ၂ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက် မြို့နယ်၊ လှထွေကျေးရွာနေ ဦးကျော်ဝင်းလှိုင်(၃၅)နှစ်နှင့် ဦးအောင်မြင့်မြတ်(၄၀)နှစ်တို့နှစ်ဦးသည် ကျေးရွာ၏တောင်ဘက် ၂ မိုင်ခန့်အကွာရှိ လယ်ကွင်းအတွင်း အလုပ်လုပ်ကိုင်နေစဉ် PDF အကြမ်းဖက်အဖွဲ့ အင်အား(စိစစ်ဆဲ)ရောက်ရှိလာပြီး “ဒလန်”များဟုပြောဆို၍ သေနတ်ဖြင့် ပစ်ခတ်သွားခဲ့သဖြင့် ၎င်းတို့နှစ်ဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများအား “ငါနှင့်မတူ၊ ငါ့ရန်သူ”ဟူသည့် တစ်ဖက်သတ် အစွန်းရောက်ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုများ လုပ်ဆောင်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်နေကြောင်း သိရပါတယ်။
#Myanmagon