
မြန်မာ့ဂုဏ် နိုဝင်ဘာ ၁၃
နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ ပျဉ်းမနားမြို့ရှိ “ရောင်နီဦး” ရတနာရွှေဆိုင်ကိုနိုဝင်ဘာလ ၁၀ ရက်နေ့က သေနတ်ဖြင့်ထောက်၍ ခြိမ်းခြောက်ကာ လုယက်မှုကျူးလွန်ခဲ့သူအမျိုးသားတစ်ဦးနှင့်အမျိုးသမီးတစ်ဦးတို့အား ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရှိရပါတယ်။
ဖြစ်စဉ်မှာ နိုဝင်ဘာလ ၁၀ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်ခန့်တွင် ပျဉ်းမနားမြို့၊ မင်္ဂလာရပ်ကွက်၊ ဗိုလ်တောက်ထိန်လမ်း၌ ဖွင့်လှစ်ရောင်းချလျက်ရှိသည့် “ရောင်နီဦး” ရတနာရွှေဆိုင်၌ဆိုင်ပိုင်ရှင် ဒေါ်အေး အေးမွန်(၄၃)နှစ်နှင့် ဝန်ထမ်းဖြစ်သူ မချစ်ကဗျာ (၁၉)နှစ်တို့ရှိနေစဉ် အမျိုးသားတစ်ဦးနှင့်အမျိုး သမီးတစ်ဦးတို့ ဆိုင်အတွင်းဝင်ရောက်လာပြီး အမျိုးသားက ဒေါ်အေးအေးမွန်အားသေနတ်(အတို)ဖြင့် နားထင်အားထောက်၍ ခြိမ်းခြောက်ကာ ရွှေထည်ပစ္စည်းများကို အိတ်အတွင်းထည့်ခိုင်းခဲ့ပါတယ်။
ထိုသို့ ရွှေထည်ပစ္စည်းများကို အိတ်အတွင်းထည့် ခိုင်းစဉ်စဉ် ဒေါ်အေးအေးမွန်က သေနတ်အား ပုတ်ထုတ်ခဲ့ရာ ၎င်းအမျိုးသားက သေနတ်ဖြင့်ထု၍လက်သီးဖြင့်ထိုးခဲ့ကြောင်း၊ အဆိုပါအမျိုးသားနှင့်အတူ ပါလာသူ အမျိုးသမီးက ရွှေထည်ပစ္စည်းများထည့်ထားသည့် ဘူးတစ်ဘူးအား လုယက်ယူဆောင်စဉ် မချစ်ကဗျာ က ပြန်လည်လုယူခဲ့ရာအဆိုပါ အမျိုးသမီးမှ လက်သည်းဖြင့် ကုတ်ခြစ်ကာ တွန်းထုတ်၍ ထွက်ပြေးသွားခဲ့ကြောင်း သိရှိရပါတယ်။
ဒုစရိုက်ပြစ်မှုကျူးလွန်သူများအား မလိုလားသည့် ပြည်သူများနှင့် အဆိုပါရပ်ကွက်အတွင်းရောက်ရှိ နေသည့် နယ်မြေလှည့်ကင်းဆောင်ရွက်နေသော ရဲတပ်ဖွဲ့ဝင်များက လိုက်လံဝိုင်းဝန်းဖမ်းဆီးခဲ့ရာ မင်္ဂလာရပ်ကွက်၊ ကေးလမ်းသွယ်(၁)လမ်းပေါ်၌ လုယက်မှုကျူးလွန်သူများဖြစ်ကြသည့်ရွှေပြည်သာမြို့နယ်၊ သိမ်ကျောင်းရွာနေ သန်းတိုအောင်(၂၈)နှစ်နှင့် ပျဉ်းမနားမြို့၊ ရန်အောင်(၂)ရပ်ကွက်နေ ယမင်း(ခ)ရေဟန်(၂၅)နှစ်တို့ကို ၎င်းတို့ပြစ်မှုကျူးလွန်စဉ် အသုံးပြုခဲ့သည့် သေနတ် အတုလက်၊ အရိုး/အသွား ၇ လက်မခန့်ရှိ ခေါက်ဓား ၁ ချောင်း၊ CZI အမျိုးအစားဆိုင်ကယ် ၁ စီး၊လက်ကိုင်ဖုန်း ၂ လုံး၊ ၎င်းတို့လုယက်ယူဆောင်သွားသည့် ရွှေလက်စွပ် ၁၃ ကွင်း၊ ရွှေနားကပ် ၈ ရံ၊ရွှေဆွဲသီး ၁ ခု (ကာလတန်ဖိုး ၄၆ သိန်းကျော်ခန့်)နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။
၎င်းတို့ လုယက်မှုကျူးလွန်စဉ် ထုနှက်၊ ထိုးကြိတ်၊ ကုတ်ခြစ်ခဲ့မှုကြောင့် ဒေါ်အေးအေးမွန် တွင်ဦးခေါင်းနှင့်မျက်နှာတို့တွင်လည်းကောင်း၊ မချစ်ကဗျာတွင် ဦးခေါင်း၌လည်းကောင်းဖူးရောင်ပွန်းခြစ်ဒဏ်ရာများ ရရှိခဲ့သဖြင့် ပျဉ်းမနားမြို့ ကုတင်(၂၀၀)ပြည်သူ့ဆေးရုံ၌ တက်ရောက်ဆေးကုသမှုခံယူလျက်ရှိကြောင်းနှင့် ဖမ်းဆီးရမိသူများဖြစ်သည့် သန်းတိုးအောင်နှင့် ယမင်း(ခ) ရေဟန်တို့အားပျဉ်းမနား မြို့မရဲစခန်း (ပ)၂၄၃/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၉၄/၁၁၄ ဖြင့် အမှုရေးဖွင့်စစ်ဆေး၍ထိရောက်သော ပြစ်ဒဏ်ရရှိနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။
#Myanmagon