






























၁၃.၁၁.၂၀၂၅၊ မြန်မာ့ဂုဏ်
မိတ္ထီလာမြို့နယ်အတွက် ငါးနှစ်မှာတစ်ကြိမ်၊ တစ်ကြိမ်မှာ တစ်ရက်ထဲသာငှါးရမ်းခွင့်ရှိတဲ့ သူရင်းငှါးတွေကို ရပ်ရေးရွာရေးသယ်ပိုးဖို့အတွက် ကျွန်တော်တို့ သုံးယောက်ကို ငှါးကြပါလို့ ဒေါက်တာမောင်သင်းက ပြောပါတယ်။
မိတ္ထီလာမြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မယ့်လွှတ်တော်ကိုယ်စားလှယ်လောင်းများ ကွက်ငယ်ကျေးရွာအုပ်စုရှိ ကျေးရွာများသို့ စည်းရုံးဆင်းချိန်မှာ ပြောဆိုလိုက်တာဖြစ်ပါတယ်။
” ပြောရရင် ဘာလာလုပ်တာလဲဆိုတော့ စည်းရုံးရေးလာဆင်းတာ မဟုတ်ဘူး။ ကျွန်တော်တို့ကိုငှားပါခင်ဗျာဆိုပြီး လာပြောတာ။ ကျွန်တော်တို့ကို ငါးနှစ်စာ သူရင်းငှား မငှားချင်တဲ့သူ ရှိလား။ အခုအချိန်မှာ တောထဲဆင်းနေတဲ့သူတွေ အားလုံးကိုလည်း ပြောပေးပါ၊ ရပ်ရေးရွာရေးသယ်ပိုးဖို့အတွက် ကျွန်တော်တို့ သုံးယောက်ကို ငှားတာနဲ့ လေးယောက်ရပါတယ်။ လေးယောက်အပြင်ကို ဦးမောင်မောင်မြင့် နောက်မှာ နောက်ရောက်မယ့် သူရင်းငှား ရှိသေးတယ်။ တကယ်တမ်းဆို ငါးယောက်ရမယ်” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာ မောင်သင်းက ပြောပါတယ်။
ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြုဝင်ရောက်
ယှဉ်ပြိုင်ကြမယ့်အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမောင်မောင်မြင့်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာမောင်သင်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း( FPTP) ဦးအောင်ကျော်မိုး နှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း(PR) ဦးမြသွင်(ခ)ဦးမြင့်ဆန်း ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။
“ဒီသူရင်းငှားတွေက ငါးနှစ်မှာတစ်ကြိမ်ပဲ ငှားခွင့်ရှိတယ်။ တစ်ရက်ထဲ ငှားခွင့်ရှိတယ်။ အဲ့ဒီရက်မှာ မငှားရင် ငှားလို့မရတော့ဘူး။ ဘယ်လောက်ပေးရလဲ၊ တစ်နေ့ တစ်သောင်း ပေးရမလား။ ဒီလေးယောက်ငှားဖို့အတွက် တစ်နေ့ တစ်သောင်း ပေးရလား။ မပေးရဘူး။ အဲ့ဒီတော့ ငါးနှစ်စာအတွက် သုံးယောက်ကိုငှားတာ လေးယောက်ရတယ်နော်။ နဲနဲနောနော အလုပ်ကြီးမဟုတ်ဘူး။ အဲ့ဒီအလုပ် မလုပ်ချင်တဲ့သူရှိလား၊ အဲ့ဒီအလုပ်ကို။ သုံးယောက်ကို တစ်ပြားမှ မပေးရဘဲနဲ့ ငါးနှစ်စာ ငှားလိုက်တာ လေးယောက်ရတယ်။ မလုပ်ချင်တဲ့သူရှိလား။ မရှိဘူးနော်။ သေချာလား” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာ မောင်သင်းက ပြောဆိုဆွေးနွေးစည်းရုံးခဲ့ပါတယ်။
တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း(FPTP) ဦးအောင်ကျော်မိုးနှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း(PR) ဦးမြသွင်(ခ)ဦးမြင့်ဆန်း တို့က မဲပေးရွေးချယ်ရေးနှင့် မဲပေးရွေးချယ်ရေးဆိုင်ရာ လုပ်ငန်းစဉ်များကို ဆွေးနွေးတင်ပြခဲ့ကြပါတယ်။