






















မြန်မာ့ဂုဏ် နိုဝင်ဘာ ၁၇
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ၁၆-၁၁-၂၀၂၅ ရက်နေ့ နေ့လည် ၁ နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး မြို့တော်ခန်းမတွင်ပြုလုပ်သော လွှတ်တော်ကိုယ်စားလှယ်လောင်းများအား မိတ်ဆက်ခြင်းနှင့် ရွေးကောက်ပွဲကြေညာစာတမ်း ဖတ်ကြားရှင်းလင်းပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါတယ်။
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မဲဆန္ဒနယ်အသီးသီးတွင် ပါတီကိုယ်စားပြု ဝင်ရောက်ရွေးချယ်ကြမည့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်းများအား တစ်ဦးချင်းစီအလိုက် မိတ်ဆက်ခဲ့ပြီး ပါတီဥက္ကဋ္ဌ ဦးခင်ရီမှ ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပါတယ်။
ထို့နောက် အမရပူရမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသိန်းထွန်းဦးက ပါတီ၏ ပြည်သူအတွက်ဆောင်ရွက်ပေးမည့် ရွေးကောက်ပွဲအာမခံချက်အား ဖတ်ကြားရှင်းလင်းတင်ပြပြီး ပါတီဥက္ကဋ္ဌ ဦးခင်ရီမှ ထပ်ဆင့်ရှင်းလင်းပြောကြားပါတယ်။
၎င်းနောက် တက်ရောက်လာသူများထဲမှ သိရှိလိုသည့်အချက်များအား မေးမြန်းကြရာ ပါတီဥက္ကဋ္ဌမှ ပြန်လည်ဖြေကြားပြီး “ပြည်ခိုင်ဖြိုးပါတီ နိုင်ရမည်” ကြွေးကြော်သံများ ကြွေးကြော်၍ အခမ်းအနားကို ညနေ ၄ နာရီအချိန်တွင် အောင်မြင်စွာရုတ်သိမ်းခဲ့ပါတယ်။
အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ၊ မန္တလေးတိုင်းဒေသကြီးအတွင်း မဲဆန္ဒနယ်အသီးသီးမှ ပါတီကိုယ်စားပြုဝင်ရောက်ရွေးချယ်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်းများ၊ ဖိတ်ကြားထားသော အဖွဲ့အစည်းအသီးသီးမှ ဧည့်သည်တော်များ၊ ပြည်ခိုင်ဖြိုးပါတီကို ချစ်ခင်မြတ်နိုးကြသူများ စုစုပေါင်းအင်အား (၃၀၀၀)ခန့် တက်ရောက်ခဲ့ကြပါတယ်။
#Myanmagon