မြန်မာ့ဂုဏ် နိုဝင်ဘာ ၁၇
တရုတ်-မြန်မာ (၇၅) နှစ်မြောက် သံတမန်ဆက်ဆံရေး ထူထောင်ခြင်းအထိမ်းအမှတ် ယဉ်ကျေးမှုဖလှယ်ရေးမြှင့်တင်မှု အစီအစဉ်တစ်ရပ်အဖြစ် ၂၀၂၅ ခုနှစ် တရုတ်ပုံရိပ်ရုပ်ရှင် ရက်သတ္တပတ်နှင့် တရုတ်-မြန်မာ ရုပ်ရှင်ပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်ရှိ နေပြည်တော်ရုပ်ရှင်ရုံ၌ ကျင်းပပါတယ်။
အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ဇနီး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး ဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စ မာကျားနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ရုပ်ရှင်ချစ်ပရိသတ်များ တက်ရောက်ကြပါတယ်။
တရုတ်ပုံရိပ်ရုပ်ရှင် ရက်သတ္တပတ်နှင့် တရုတ်-မြန်မာ ရုပ်ရှင်ပွဲတော်ဖွင့်ပွဲ မိတ်ဆက်ဗီဒီယိုကို ပြသပါတယ်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စမာကျားက အမှာစကားပြောကြားပါတယ်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ယခင်က တရုတ်နိုင်ငံမှ လာရောက်ကျင်းပသည့် ရုပ်ရှင်ပွဲတော်များကို ရန်ကုန်၊ မန္တလေးမြို့ကြီးတို့တွင် နှစ်စဉ်ကျင်းပခဲ့သည်ဟု သိရပါကြောင်း၊ မြန်မာပရိသတ်များအနေဖြင့် တရုတ်ရုပ်ရှင်ဇာတ်ကားများကို ယခင်ကတည်းက နှစ်ခြိုက်ကြသည့်အတွက် တရုတ်ရုပ်ရှင်ပွဲတော်များတွင် စိတ်အားထက်သန်စွာ ကြည့်ရှုအားပေးခဲ့ကြပါကြောင်း၊ နိုင်ငံအချင်းချင်း၊ လူမျိုးအချင်းချင်းဆက်ဆံရာတွင် အချို့ပရိသတ်များသည် ဘာသာစကားနားမလည်သည့်တိုင် ရုပ်ရှင်၏ ရိုက်ကူးဖော်ပြချက်များကြောင့် လူသားအချင်းချင်း၊ နှလုံးသားချင်း၊ ရင်ဘတ်ချင်းနားလည်မှုရရှိပြီး ပိုမိုရင်းနှီးလာစေပါကြောင်း၊ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြားတွင် ဘက်ပေါင်းစုံပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ပြန်ကြားရေးနှင့် ယဉ်ကျေးမှုနယ်ပယ်တွင်လည်း နှစ်နိုင်ငံဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်လျက်ရှိပါကြောင်း။
ယနေ့ ကျင်းပသည့် ၂၀၂၅ ခုနှစ် တရုတ်ပုံရိပ် ရုပ်ရှင်ရက်သတ္တပတ်နှင့် တရုတ် – မြန်မာ ရုပ်ရှင်ပွဲတော်ဖွင့်ပွဲကိုလည်း မြန်မာပရိသတ်များအနေဖြင့် တရုတ်နိုင်ငံအကြောင်းကို ပိုမိုသိရှိနားလည်ပြီး နှစ်နိုင်ငံအကြား ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်းနှီးမှုကို အရှိန်မြှင့်တင်ပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ယခုကဲ့သို့ တရုတ်-မြန်မာ ရုပ်ရှင်ပွဲတော်ကို ကောင်းမွန်သည့် အစဉ်အလာအဖြစ် ထိန်းသိမ်းရင်းနောင်လာမည့်နှစ်များတွင်လည်း ယခုထက်ဇာတ်ကားအရေအတွက် ပိုမိုပြသနိုင်ရန်နှင့် ပွဲတော်များကို ဆက်လက်ကျင်းပနိုင်ပါစေကြောင်း၊ တရုတ်-မြန်မာ ချစ်ကြည်ရင်းနှီးမှုလည်း ပိုမိုခိုင်မြဲပါစေဟု ဆုမွန်ကောင်းတောင်းအပ်ပါကြောင်း ပြောကြားပါတယ်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အခမ်းအနားသို့ တက်ရောက်လာသူများက နိုင်ငံတော်အလံအား အလေးပြုကြပြီး “ဝူခုန်း” ရုပ်ရှင်ဇာတ်ကားပြသမှုကို ကြည့်ရှုအားပေးကြပါတယ်။
အဆိုပါ ၂၀၂၅ ခုနှစ် တရုတ်ပုံရိပ်ရုပ်ရှင် ရက်သတ္တပတ်နှင့် တရုတ်-မြန်မာ ရုပ်ရှင်ပွဲတော်ကို နိုဝင်ဘာ ၁၉ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး ပွဲတော်ကာလအတွင်း ဝူခုန်း၊ မင်္ဂလာပါမေမေ၊ လကမ္ဘာစွန့်စားခန်း၊ သူရဲကောင်းရှစ်ရာ၊ ချစ်သောဇာတိမြေ၊ စာဆိုတော်နှင့် ကြောင်နက်ရှင်၊ ကန္တာရဓားသမား၊ အလွဲများနှင့်ဘဝဟူသည့် မြန်မာစာတန်းထိုးတရုတ်ရုပ်ရှင်ဇာတ်ကား ရှစ်ကားကို အခမဲ့ပြသသွားမည်ဖြစ်ကာ အမည်စာရင်းပေးသွင်း၍ လာရောက်ကြည့်ရှုနိုင်ကြောင်း သိရပါတယ်။
#Myanmagon

