
အာဆီယံဒေသတွင်း ခေတ်မီစံပြကျေးရွာများထူထောင်ခြင်းမှတစ်ဆင့် ကျေးလက်ဒေသ အသွင်ကူးပြောင်းခြင်း အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ
မြန်မာ့ဂုဏ် ဒီဇင်ဘာ ၅
အသိပညာမျှဝေမှုကိုမြှင့်တင်ရန်၊ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုကိုအားပေးရန်နှင့် အာဆီယံတစ်ဝန်းလွှမ်းခြုံနိုင်သည့် ရေရှည်တည်တံ့သော ကျေးလက်ဒေသအသွင်ကူးပြောင်းမှုကို အရှိန်မြှင့်တင်နိုင်ရေးအတွက် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် အာဆီယံဒေသတွင်း ခေတ်မီစံပြကျေးရွာများ ထူထောင်ခြင်းမှတစ်ဆင့် ကျေးလက်ဒေသအသွင်ကူးပြောင်းခြင်း အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ THE ERAVATI SULE GRAND ဟိုတယ်ရှိ Grand Ballroom ၌ ကျင်းပပါတယ်။
အလုပ်ရုံဆွေးနွေးပွဲသို့ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ရန်ကုန်တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပြည်တွင်းပြည်ပအစိုးရမဟုတ်သော အဖွဲ့အစည်းများမှကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြပါတယ်။
ပြည်ထောင်စုဝန်ကြီးက မိမိတို့မြန်မာနိုင်ငံ၏ ကျေးလက်ဒေသအသွင်ကူးပြောင်းရေးအား Myanmar Comprehensive Sustainable Development Plan နှင့်အညီ ဆောင်ရွက်လျက်ရှိပြီး ကျေးလက်ဒေသဖွံ့ဖြိုးရေး ဦးဆောင်ဝန်ကြီးဌာနဖြစ်သည့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနသည် ကျေးလက်နေပြည်သူ လူဦးရေ ၆၉ ရာခိုင်နှုန်းအတွက် ကျေးလက်ဒေသအသွင်ကူးပြောင်းရေးအား ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် Territorial Rural Development approach ကို လက်တွေ့အကောင်အထည်ဖော်သည့်အနေဖြင့် SMART Village စီမံကိန်းမှတစ်ဆင့် ကျေးလက်အခြေခံအဆောက်အအုံများဖွံ့ဖြိုးရေး၊ သွင်းအားစုများနှင့်ငွေကြေးဝန်ဆောင်မှုများ ထောက်ပံ့ကူညီခြင်း၊ အသက်မွေးဝမ်းကျောင်းဖွံ့ဖြိုးရေးနှင့်ကျေးရွာစီးပွားရေးမြင့်မားစေခြင်း၊ အသင်းအဖွဲ့များ ခိုင်မာအားကောင်းစေခြင်းနှင့် နည်းပညာဖြန့်ဖြူးခြင်း၊ လူမှုကာကွယ်စောင့်ရှောက် ရေးနှင့် သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းရေးစသည့် ကဏ္ဍကြီးခြောက်ရပ်အား ဆောင်ရွက်လျက်ရှိကြောင်း၊ ယနေ့အလုပ်ရုံဆွေးနွေးပွဲတွင် သက်ဆိုင်ရာအဖွဲ့ဝင်နိုင်ငံများအနေဖြင့် ကျေးလက်အသွင်ကူးပြောင်းရေး ဆောင်ရွက်ချက်များ၏ အတွေ့အကြုံကောင်းများ၊ အလေ့အကျင့်ကောင်းများ၊ အောင်မြင်စေနိုင်သည့်အချက်များ၊ ထပ်ပေါင်းထပ်ပွားဆောင်ရွက်နိုင်သည့်နည်းလမ်းများ၊ လက်တွေ့မြေပြင်တွင် ဆောင်ရွက်နိုင်သည့် နည်းလမ်းများကို ဆွေးနွေးမျှဝေသွားကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားပါတယ်။
ယင်းနောက် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ဒုတိယအတွင်းရေးမှူးချုပ် ဦးစံလွင်ထံမှ ပေးပို့သော အမှာစကား (Pre-Recorded Remark Video)နှင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခေတ်မီစံပြကျေးရွာထူထောင်ခြင်း စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မှု မှတ်တမ်းဗီဒီယို ကိုပြသပါတယ်။
ဆက်လက်၍ ActionAid မှ Country Director ဖြစ်သူ Mr. Shihab Uddin Ahamad က Rethinking Rural Development in a Transforming ASEAN ခေါင်းစဉ်ဖြင့် Key Note Speech ဆွေးနွေးပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းပါတယ်။
ထို့နောက် တက်ရောက်ကြသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်က စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုနှင့် အာဆီယံဒေသတွင်း ကျေးလက်ဒေသအသွင်ကူးပြောင်းမှုဆိုင်ရာများ၊ ဆန်းသစ်တီထွင်သော အသက်မွေးဝမ်းကျောင်းလုပ်ငန်းများဖြင့် ကျေးလက်စီးပွားမြှင့်တင်ရေးဆိုင်ရာများ၊ ချိတ်ဆက်မှုအားကောင်းသော အနာဂတ်တစ်ခုတည်ဆောက်ခြင်းဆိုင်ရာများ၊ ကြံ့ကြံ့ခိုင်သော အနာဂတ်အတွက် ကျေးလက်လူထုအား စွမ်းဆောင်ရည်မြှင့်တင်ခြင်းဆိုင်ရာများကို Panel Session လေးခုခွဲကာ ဆွေးနွေးမှုများ ဆက်လက်ကျင်းပပါတယ်။
အဆိုပါ အာဆီယံဒေသတွင်း ခေတ်မီစံပြကျေးရွာများထူထောင်ခြင်းမှတစ်ဆင့် ကျေးလက်ဒေသအသွင်ကူးပြောင်းခြင်း အလုပ်ရုံဆွေးနွေးပွဲကို ဒီဇင်ဘာ ၅ ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ဒီဇင်ဘာ ၅ ရက် မွန်းလွဲပိုင်းတွင် လှည်းကူးမြို့နယ် ရဲမွန်စံပြကျေးရွာသို့လည်းကောင်း၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံသုတေသနစင်တာသို့လည်းကောင်း၊ မြန်မာ့လက်မှုပညာစင်တာသို့လည်းကောင်း လေ့လာရေးခရီး သွားရောက်ကြမည်ဖြစ်ကြောင်း သိရပါတယ်။
#Myanmagon