



















အသဲကြားကမဲတစ်ပြားကို ဦးနှောက်နဲ့စဉ်းစားပြီးမဲပေးကြဖို့ ဦးမောင်မောင်အုန်းဆို
နေပြည်တော်၊ ဒီဇင်ဘာ ၅
နေပြည်တော်တပ်ကုန်းမြို့မှာ ပြည်ခိုင်ဖြိုးပါတီပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းဖြစ်တဲ့ ဦးမောင်မောင်အုန်းက
အသဲကြားကမဲတစ်ပြားကို ဦးနှောက်နဲ့စဉ်းစားပြီးမဲပေးကြဖို့ ပြောဆိုခဲ့ပါတယ်။
နေပြည်တော် ပြည်ထောင်စုနယ်မြေအတွင်းမှာရှိတဲ့ တပ်ကုန်းမြို့ အောင်ဆန်းခန်းမမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေဖြစ်တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမောင်အောင်အုန်းနဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးတင်ဦးလွင်တို့ ဒီဇင်ဘာလ ၅ရက် ဒီကနေ့မှာပြုလုပ်တဲ့ လူထုတွေ့ဆုံပွဲမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။
“မဲပေးတယ်ဆိုတာတော့ ရှင်းရှင်းပြောရရင် ငါးနှစ် တစ်ကြိမ် မိဘပြည်သူများက ကိုယ့်ရပ်ရွာ၊ ကိုယ့်ဒေသ၊ ကိုယ့်နိုင်ငံ ကို ကောင်းမွန်နိုင်မယ့်သူကို ဆန္ဒပြုဖို့ပဲ။ ကြိုက်တဲ့သူကို ပေး၊ မဲပေးဖို့ပဲ လိုတယ်။ မဲပေးရင်တော့ ကျွန်တော် မေတ္တာရပ်ခံချင်တာကတော့ ဦးနှောက်နဲ့ စဉ်စားပါ။ ဟာ မသိပါဘူးကွာ၊ ရှုပ်ပါတယ်ကွာဆိုပြီး တွေ့တဲ့ခလုပ်ကို နှိပ်ပြီး မဲပေးပြီးရော ဆိုရင်တော့ ဒီလိုပဲ ကြုံတွေ့နေရမှာပဲ။ ကျွန်တော်ကတော့ မဲလည်း မတောင်းဘူး။ ကိုယ့်ဟာကိုယ် ဦးနှောက်နဲ့စဉ်းစားပါ၊ အသဲကြားကမဲတစ်ပြားကို ဦးနှောက်နဲ့စဉ်းစားပြီးမဲပေးကြပါ” ဟု ပြည်ခိုင်ဖြိုးပါတီ တပ်ကုန်းမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမောင်မောင်အုန်းက ပြောပါတယ်။
အခမ်းအနားမှာတော့ ကိုယ်စားလှယ်လောင်းများကို ဒေသခံတွေက လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြပြီး ဒေသခံလူထု အများအပြား တက်ရောက်အားပေးခဲ့ပြီး တပ်ကုန်းမြို့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံပြည်သူတွေနဲ့ ကိုယ်စားလှယ်လောင်းတွေ အပြန်အလှန် ဆွေးနွေးခဲ့ကြပါတယ်။