

























တိုင်းပြည်အတွက်အသက်စွန့်လှူသွားခဲ့ကြသည့် သူရဲကောင်းများအား ၁၂ ကြိမ်မြှောက် ဂုဏ်ပြုပွဲကျင်းပ
နေပြည်တော် ၊ ဒီဇင်ဘာ ၇
ခေတ်အဆက်ဆက်က တိုင်းပြည်အတွက် အသက်စွန့်လှူသွားခဲ့ကြသည့် သူရဲကောင်းများဂုဏ်ပြုပွဲကို (၁၂) နှစ်မြောက်အဖြစ် ယနေ့ ဒီဇင်ဘာ ၇ ရက်နံနက် ၉ နာရီက နေပြည်တော်ရှိ သူရဲကောင်းဗိမာန်၌ကျင်းပခဲ့ပါတယ်။
ယနေ့(ဒီဇင်ဘာ ၇ ရက်) နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်ရှိ သူရဲကောင်းဗိမာန်(နေပြည်တော်)၌ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အချုပ်အခြာအာဏာတည်တံ့ ခိုင်မြဲရေးတို့အတွက် တိုင်းပြည်တာဝန်ထမ်းဆောင်ရင်း အသက်ပေးကျဆုံးသွားခဲ့သည့် ခေတ်အဆက်ဆက်မှ သူရဲကောင်းစစ်သည်များအား (၁၂)ကြိမ်မြောက်ဂုဏ်ပြုပွဲ အခမ်းအနားကို ကျင်းပခဲ့ခြင်း ဖြစ်ပါတယ်။
အဆိုပါအခမ်းအနားတွင် အခမ်းအနားသို့ တက်ရောက်လာကြသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး နိုင်ငံတော်သီချင်းသီဆိုခြင်း၊ နိုင်ငံတော်အလံအား အလေးပြုခြင်း၊ ခေတ်အဆက်ဆက်က တိုင်းပြည်အတွက် အသက်ပေးလှူသွားကြသည့် သူရဲကောင်းစစ်သည်များအား အလေးပြုခြင်း၊ သစ္စာအဓိဋ္ဌာန်(၄)ချက်ရွတ်ဆိုခြင်းတို့ကို ဆောင်ရွက်ခဲ့ပါတယ်။
တပ်မတော်ချစ်မြတ်နိုးသည့်အဖွဲ့များစုပေါင်း၍ ခေတ်အဆက်ဆက်တိုင်းပြည်အတွက် အသက်ခန္ဓာစွန့်လွှတ်ခဲ့ရသူများ၊ လက်ရှိတာဝန်ထမ်းဆောင်နေကြသူများအား ၎င်းတို့နှင့်ထပ်တူ တပ်မတော်ကိုချစ်မြတ်နိုးသူများက အမြဲတမ်းရှိနေကာ အမြဲတမ်းကျေးဇူးတင်ပြီး အမြဲတမ်းလေးစားနေသည်ဆိုသော ရည်ရွယ်ချက်များဖြင့်ကျင်းပခြင်းဖြစ်လို့လည်း သိရပါတယ်။