
စက်ပျက်၍ရပ်တန့်ထားသည့် မော်တော်ယာဉ်အား ဝင်ရောက်တိုက်မိ
မြန်မာ့ဂုဏ် ဒီဇင်ဘာ ၇(မှုခင်း)
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၌ ဒီဇင်ဘာလ ၃ ရက်နေ့က ဆိုင်ကယ်အရှိန် မထိန်းနိုင်ဘဲ စက်ပျက်၍ရပ်တန့်ထားသည့် မော်တော်ယာဉ်အားဝင်ရောက်တိုက်မိ၍ အမျိုးသားတစ်ဦး သေဆုံးပြီးနှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။
ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၃ ရက်နေ့ ည ၁၂ နာရီခွဲအချိန်တွင် တိုက်ကြီးမြို့နယ်၊ ခြောက်တိုင်ကွေ့ ကျေးရွာအနီး ရန်ကုန်-ပြည်ကားလမ်း မိုင်တိုင်အမှတ် ၄၉ မိုင် ၆ ဖာလုံနှင့် ၇ ဖာလုံအကြား၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရအမှတ်(၆၁)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာတိုက်ကြီးမြို့နယ်၊ ဆင်စခန်းကျေးရွာနေ ပိုင်ကျော်သက်(ခ)ဖိုးချစ်(၁၈)နှစ် မောင်းနှင်ပြီး တစ်ရွာတည်းနေသူများဖြစ်ကြသည့် ကိုဖြိုးလင်းဇော်(၂၅)နှစ်နှင့် ဦးအောင်အောင် (၄၂)နှစ်တို့ လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်သည် ရန်ကုန်-ပြည်ကားလမ်းအတိုင်းမြောက်ဘက်မှတောင်ဘက်သို့ မောင်းနှင်လာစဉ် အခင်းဖြစ်နေရာအရောက် စက်ပျက်၍လမ်းဘေး၌ ရပ်တန့် ထားသည့် BGO-27 1H-xxxx Nissan Condor Truck ယာဉ်အားအရှိန်မထိန်းနိုင်ဘဲဝင်ရောက်တိုက်မိခဲ့ကြောင်း သိရပါတယ်။
ယင်းသို့တိုက်မိသဖြင့် ပိုင်ကျော်သက် (ခ)ဖိုးချစ်မှာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး ကိုဖြိုးလင်းဇော်နှင့် ဦးအောင်အောင်တို့တွင် ဒဏ်ရာများအသီးသီးရရှိခဲ့သောကြောင့် ပိုင်ကျော်သက်(ခ)ဖိုးချစ်အား တိုက်ကြီးမြို့မရဲစခန်း ယာဉ်(ပ)၂၅/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈/၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်းသိရပါတယ်။